ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ အုန်းယိုင်နယ်မြေရှိ ပိတ်စဆေးဆိုးပန်းရိုက်စက် ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၃၈) ဦးအား စက်ရုံမှ ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်ထုတ်ခဲ့သဖြင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား (၃၈) ဦးသည် အနည်းဆုံး လုပ် သက် (၃) လမှ အများဆုံး လုပ်သက် နှစ် (၂၀) ကျော်ရှိနေပြီဖြစ်သည်။မြန်မာအလုပ်သမားများ နစ်နာခဲ့ရမှုနှင့်ပတ်သက်ပြီး ထိုင်းရောက် မြန်မာလုပ်သားအရေးကူညီဆောင်ပေးနေသည့် M.H.A.C မဟာမိတ် ကိုရဲမင်းအဖွဲ့က ထိုက်သင့်သော ခံစားခွင့်များရရှိရန် လိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။စက်ရုံပိုင်ရှင်ဖြစ်သူက အလုပ်သမားများအား နစ်နာကြေး ၇၀ ရာခိုင်းနှုန်းပေးချေမည်ဟုပြောဆိုကာ ၎င်းအား အလုပ်သမားကာကွယ်စောင့်ရှောက်ရုံး (စဝတ်ဒီကန်) တွင် တိုင်ကြားခြင်းမပြုရန် လာရောက်ညှိနှိုင်းခဲ့ကြောင်း M.H.A.C ရုံးတာဝန်ခံ က ပြောသည်။သို့သော် မြန်မာအလုပ်သမားများက နစ်နာကြေးအပြည့်အဝမပေးချေသည့် စက်ရုံပိုင်ရှင်ကို သက်ဆိုင်ရာ နယ်မြေ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် တိုင်ကြားထားပြီး ထိုင်းဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



