သိသိသာသာထိုးကျခဲ့သည့် မြန်မာကျပ်ငွေတန်ဖိုး ဖြည်းဖြည်းမှန်မှန်နှင့် ပြန်လည်မြင့်တက်လာပြီး မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထူလာမည့် ကနဦးလက္ခဏာများကို တွေ့ရဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လည်ပတ်မှုစွမ်းအားမှာ ဧပြီလနှင့် နှိုင်းယှဉ်ပါက မြင့်မားလာခဲ့ကြောင်း၊ ယမန်နှစ်က သိသိသာသာထိုးကျခဲ့သည့် မြန်မာကျပ်ငွေတန်ဖိုးမှာ ၂၀၂၅ တစ်နှစ်တာကာလတစ်လျှောက် ဖြည်းဖြည်းမှန်မှန်ဖြင့် ပြန်လည်မြင့်တက်လာသည်ကို တွေ့ရကြောင်း ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်လိုက်သည့် မြန်မာ့စီးပွားရေးလေ့လာသုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။ငွေကြေးဖောင်းပွမှုမှာ လျော့ကျလာသော်လည်း အလုံးစုံသော ကုန်စျေးနှုန်းများမှာ မြင့်တက်နေဆဲဖြစ်ရာ အိမ်ထောင်စုများအနေနှင့် ဝင်ငွေ၊ ထွက်ငွေနှင့် ငွေကြေးသုံးစွဲမှုကိစ္စအတွက် ခက်ခက်ခဲခဲဖြေရှင်းနေရဆဲဖြစ်ကြောင်း၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်မှုမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမတိုင်မီ ခြောက်လတာကာလအတွင်း မြင့်တက်လာခဲ့ရာ ငလျင်ကြောင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ ကမောက်ကမဖြစ်မှုများ တစ်စိတ်တစ်ပိုင်းအားဖြင့် လျော့ကျလာသည့် သဘောမျိုးဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်လည်နာလန်ထူလာတဲ့ ကနဦးလက္ခဏာတွေကို တွေ့ရတာဟာ အားတက်စရာဆိုပေမယ့် ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် ဘဏ္ဍာရေးနဲ့ ငွေကြေးလိုအပ်ချက်တွေ၊ ပြည်တွင်းပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေတွေ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေအပါအဝင် အတားအတီးများစွာနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်” ဟု ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဒေသဆိုင်ရာဒါရိုက်တာ မယ်လင်ဒါဂွတ်ဒ်က ပြောကြားသည်။မတ်လတွင် ရင်ဆိုင်ခဲ့ရသည့် အင်အားပြင်းငလျင်လှုပ်ခတ်မှု၊ ပြည်တွင်းပဋိပက္ခနှင့် လုပ်ငန်းလည်ပတ်မှုစနစ် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများ၏ သက်ရောက်မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက်အလားအလာအား အခက်အခဲအတားအဆီးများသဖွယ် ဆက်လက်တည်ရှိနေသော်လည်း စီးပွားရေးနာလံထူလာသည့် လက္ခဏာများ အတန်အသင့်ရှိလာသည်ဟု အစီရင်ခံစာက ဆိုသည်။


