ပြည်တွင်းရှိလေဆိပ်ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုတို့ကို အလေးထားကြရန်လိုအပ်ပြီး ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာ စွာဆက်ဆံကြရန်နှင့် မလိုလားအပ်ဘဲ ကြန့်ကြာမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။ပြည်ထောင်စုဝန်ကြီးဟာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရောက်၍ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာ စစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ရာမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ထို့အတူ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြည်မပြတ်ကြပ်မတ် ဆောင်ရွက်ပေးကြရန် လိုအပ်သလို လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်းလည်း အသိပေးပြောကြားခဲ့ပါတယ်။
ထို့အပြင် လေဆိပ်အတွင်း လည့်လည်ကြည့်ရှုရာတွင်လည်း ပြည်ထောင်စုဝန်ကြီးဟာ လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်း စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေကို လည်းကောင်း၊ ပြည်ပဆိုက်ရောက်ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို လည်းကောင်း၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် ရောက်ရှိလာသည့်ခရီးသည်များအား စစ်ဆေး ခွင့်ပြုဆောင်ရွက်သည့် ကောင်တာကိုလည်းကောင်း၊ ပြည်ပနိုင်ငံအသီးသီး မှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ဖြင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို မည်သည့်အထောက်အထားမျှ မတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေး၍ NV Card ရရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြား တင်ပြနိုင်သူများကို Biographic/ Biometric ကောက်ယူပြီး Unique ID နံပါတ်ထုတ်ပေးမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါတယ်။



