ချင်းမိုင် တိုင်းရင်းသားစျေးရောင်းပွဲတော်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Lan Din Cafe မှာ ဒီဇင်ဘာ ၅ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ဒီပွဲတော်ဟာ ဒေသခံလူမှုအသိုက်အဝန်းအသီးသီးရဲ့ ယဉ်ကျေးမှုမတူ ကွဲပြားမှုတွေကို မီးမောင်းထိုးပြခဲ့ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ထုတ်ကုန်တွေ၊ လက်မှုပညာတွေ၊ အထည်အလိပ်တွေ၊ အစားအစာတွေနဲ့ လတ်ဆတ်တဲ့ သီးနှံတွေကို ပြသရောင်းချခဲ့ပါတယ်။ဒီပွဲတော်မှာ ကရင်နီ၊ ကချင်၊ ရှမ်း၊ ဗမာနဲ့ ရခိုင် စတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဈေးဆိုင် ၂၀ ပါဝင်ခဲ့ပါတယ်။ ဒီပွဲတော်ဟာ ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး တတိယအကြိမ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကျင်းပသွားမယ်လို့လည်း စီစဉ်သူတွေက ကြေညာခဲ့ပါတယ်။



