ဂျပန်နိုင်ငံ၊ ကိုဘဲမြို့က မီးရထားလမ်းကူးဂိတ်တစ်ခုမှာ ဒီနှစ် ဇန်နဝါရီလက တရုတ်ခရီးသွား အမျိုးသမီးနှစ်ဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့တာပါ။ အခုတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ရထားကုမ္ပဏီကို လျော်ကြေးငွေ တောင်းဆိုပြီး တရားစွဲဆိုလိုက်ပြီလို့ သိရပါတယ်။ သူတို့တောင်းဆိုတဲ့ လျော်ကြေးပမာဏက ခန့်မှန်းခြေအားဖြင့် ယန်း သန်း ၁၄၀ (၁.၄အိုကု) တန်ဖိုးရှိပါတယ်။ တရုတ်ခရီးသွားအမျိုးသမီးနှစ်ဦးဟာ လမ်းကူးဂိတ်ရှေ့က လူကူးမျဉ်းကြားမှာ မီးပွိုင့်စောင့်နေတုန်း မီးရထားလမ်းထဲကို မတော်တဆ ဝင်ရောက်မိပြီး ရထားတိုက်ခံခဲ့ရတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ရထားကုမ္ပဏီအနေနဲ့ ဘေးကင်းလုံခြုံရေးကို ပေါ့ဆခဲ့သလို၊ ရထားမောင်းသမားကလည်း အချက်ပြခရာမမှုတ်ဘဲ သတိပေးတာမျိုး၊ လမ်းရှင်းခိုင်းတာမျိုး မလုပ်ခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဆန်းယိုးလျှပ်စစ်ရထားလိုင်း (Sanyo Electric Railway) ကတော့ တရားစွဲဆိုစာကို လက်ခံရရှိခြင်းမရှိသေးတဲ့အတွက် အခုချိန်မှာ မှတ်ချက်ပေးလို့မရသေးဘူးလို့ ပြောကြားထားပါသည်။



