ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူများ ကိုယ်လက်ကျန်းမာကြံ့ခိုင်ပြီး လမ်းလျှောက်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး ဒီဇင်ဘာစုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက ခရိုင်/မြို့နယ် စုပေါင်းရုံး စုရပ်မှ စတင်ကျင်းပသည်။လမ်းလျှောက်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများ စုစုပေါင်း အင်အား ၇၀၀ ဦးခန့် တို့က ခရိုင်/မြို့နယ် စုပေါင်းရုံး မှတဆင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်-၂ တံတားအနီးရှိ မြို့မအားကစားကွင်းအတွင်းသို့ လမ်းလျှောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁)၊ အတွဲ (၂)လေ့ကျင့်ခန်းများ တပျော်တပါး ပျော်ရွှင်စွာ စုပေါင်းပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသော ပြည်သူများအား ကောက်ညှင်းပေါင်းနှင့် အကြော်များ ပေးဝေခဲ့ကြသည်။အဆိုပါ ဒီဇင်ဘာအားကစားကာလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများဖြင့် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း ပျော်ပျော်ပါးပါး ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။



