ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ရှမ်းနီဒေသရှိ နမ့်မွန်းမြို့တွင် ရှမ်းနီရိုးရာ နှစ်သစ်ကူးပွဲတော် အား ယမန်နေ့ (ဒီဇင်ဘာလ ၃ ရက်) ညဦးပိုင်းက စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။အင်းတော်ကြီးကန် ပတ်ဝန်းကျင်ဒေသများသာမက ရှမ်းနီနယ်ပေါင်းစုံမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များ လာရောက်ဆင်နွှဲနေခြင်းကြောင့် ပွဲတော်မှာ အထူးစည်ကားလျက်ရှိသည်။နမ့်မွန်း၊ နမ့်မီးလောင်၊ လွဲမွန်၊ မိုင်းပုတ်၊ တုံပင်၊ ကုန်းမန (အင်းဘေးဝဲယာဒေသများ) အပြင် ဟိုပင်၊ မိုးညှင်း၊ ဘီလူးမြို့၊ အုန်းစံဆိုင် စသည့် ရှမ်းနီနယ်ပေါင်းစုံမှ လာရောက်ကြသည်။နမ့်မွန်းမြို့၌ ကျင်းပသည့် ဤရှမ်းနီရိုးရာ နှစ်သစ်ကူးပွဲတော်သည် ဒေသတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသသည့် ရိုးရာအမွေအနှစ် ထိန်းသိမ်းမှုပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။



