မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း-နတ်ကြီးလမ်းပိုင်းမှာ တစ်ပတ်အတွင်း တံတား နှစ်စင်း မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ပျဉ်သာကျေးရွာအနီး ဘီးလင်း-နတ်ကြီးလမ်းပိုင်း မိုင်တိုင် ၁၇ အနီးက ပေ ၁၂၀ ရှည် တံတားတစ်စင်း မိုင်းခွဲခံခဲ့ရတာဖြစ်ကာ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ရင်းအုံကျေးရွာအနီးက ပေ ၄၀ ကျော်အရှည်ရှိတဲ့ တံတားတစ်စင်း မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတာ ဖြစ်ပါတယ်။တံတားနှစ်စင်း ပြိုကျပျက်စီးသွားတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နတ်ကြီးကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေဟာ ဘီးလင်းမြို့ပေါ်ကို ဒေသထွက်ကုန်တွေ ရောင်းချဖို့၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးကိစ္စတွေ သွားလာဖို့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။



