နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (ဒီဇင်ဘာ ၂) ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အသက် (၂) လ၊ (၄) လ၊ (၆) လ၊ (၉) လ နှင့် (၁၈) လ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းအပြင် ကျောင်းနေအရွယ် ကလေးငယ်များအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးကိုလည်းကောင်း၊ အသက် (၉) နှစ်မှ (၁၁) နှစ်အရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ (Td) ကာကွယ်ဆေးကိုလည်းကောင်း ထိုးနှံပေးလျက်ရှိသည်ဟု ဆိုသည်။



