ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလာမည့်နှစ် ကုလသမဂ္ဂ ဘတ်ဂျက်မူကြမ်းကို အဆိုပြုထားရာ ယခုနှစ်ထက် ၁၅ ရာခိုင်နှုန်းခန့် လျော့နည်းနေသည်။ကုလသမဂ္ဂအတွက် ဘတ်ဂျက်အများဆုံးထည့်ဝင်သူ အမေရိကန်ပြည်ထောင်စုသည် ပြည်ပအကူအညီ ရန်ပုံငွေများကို သိသိသာသာလျှော့ချခဲ့သောကြောင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပါအဝင် အဓိကပြုပြင်ပြောင်းလဲမှုများကို ကုလသမဂ္ဂအေဂျင်စီများကလုပ်ဆောင်ခဲ့ရသည်။ပြန်လည်ပြင်ဆင်ထားသော ဘတ်ဂျက်အစီအစဉ်ကို ဂူတာရက်စ်က ဒီဇင်ဘာ ၁ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ ဘတ်ဂျက်ကော်မတီသို့ တင်သွင်းခဲ့သည်။ ဘတ်ဂျက်မူကြမ်းသည် ဒေါ်လာ ၃ဒသမ ၂၃၈ ဘီလီယံတန်ဖိုးရှိသည်။ဘတ်ဂျက် ၁၅ ရာခိုင်နှုန်း လျှော့ချမှုသည် အဓိကအားဖြင့်ဝန်ထမ်း ၂၀ ရာခိုင်နှုန်းနီးပါး လျှော့ချခဲ့ခြင်းကြောင့် ဖြစ်သည်။ အဆိုပြုထားသော လျှော့ချမှုများသည် သိသာထင်ရှားသော်လည်း ကုလသမဂ္ဂ၏ အဓိက ကဏ္ဍသုံးခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေးတို့တွင် ဟန်ချက်ညီစေရန် ဂရုတစိုက်ချိန်ညှိထားကြောင်း ဂူတာရက်စ်က ကော်မတီအား ပြောကြားခဲ့သည်။ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂ အေဂျင်စီအတွက်ကိုမူ မည်သည့်လျှော့ချမှုမှမဆို ကင်းလွတ်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ ကုန်ကျစရိတ်များလျှော့ချရန် လိုလားသော အမေရိကန်ကိုယ်စားလှယ်က ယင်းလုပ်ဆောင်ချက်ကို ကြိုဆိုခဲ့သည်။



