ဆန်းဒဝှစ်ချ်ကဲ့သို့သော ညစ်ညမ်းသောအစားအစာများကို စားသုံးသောတောဝက်တစ်ကောင်ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်သည်ဟု တာဝန်ရှိသူများက သံသယရှိနေသည့် အာဖရိကဝက်တုပ်ကွေးရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ရန် စပိန်စစ်တပ်ကို ဘာစီလိုနာအနီး တနင်္လာနေ့က ဖြန့်ကျက်ခဲ့ပြီး ယခုအခါနိုင်ငံ၏ ယူရိုဘီလီယံပေါင်းများစွာတန်ဖိုးရှိ ဝက်သားတင်ပို့မှုလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေသည့် ဖြစ်ရပ်များစွာကို ဖြစ်ပေါ် စေခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ဘာစီလိုနာမှ ၂၁ ကီလိုမီတာ (၁၃.၀၅ မိုင်) အကွာရှိ Collserola ပန်းခြံတွင် သေဆုံးနေသောတောဝက်နှစ်ကောင်တွင် ရောဂါပိုးတွေ့ရှိကြောင်း စပိန်ကသောကြာနေ့တွင် အတည်ပြုခဲ့ပြီး ဘီလာတီးယားရှိ သက်ရောက်သောနေရာတစ်၀ိုက်တွင် ၆ ကီလိုမီတာ အကျယ်ရှိသည့် သီးသန့်ဇုန်တစ်ခုထူထောင်ရန် တွန်းအားပေးခဲ့သည်။အာဏာပိုင်များက လက်ရှိတွင် ထိုဒေသအတွင်း သံသယဖြစ်ဖွယ်ဖြစ်ရပ်များကို ပိုမိုခွဲခြမ်းစိတ်ဖြာလေ့လာနေပြီး နောက်ထပ်ပိုးတွေ့မှုများ ရှိလာမည်ဟုမျှော်လင့်ထားသည်။ ဘီလာတီးယားဟာ ဥရောပတစ်ဝှမ်းက လူအများအပြားသွားလာနေတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ်။ ဖြစ်နိုင်ခြေအရှိဆုံးရွေးချယ်မှုကတော့... အအေးခံအသားညှပ်တွေ၊ ဆန်းဒဝှစ်ချ်တွေ၊ ညစ်ညမ်းနေတဲ့ အစားအစာတွေဟာ အမှိုက်ပုံးထဲရောက်သွားနိုင်တယ်၊ပြီးရင် တောဝက်တစ်ကောင်ကစားပြီး ကူးစက်ခံရလိမ့်မယ်"လို့ ကာတာလိုနီးယားရဲ့ စိုက်ပျိုးရေးဝန်ကြီး အော်စကအိုဒစ်ချ်က Catalunya ရေဒီယိုကို တနင်္လာနေ့တွင် ပြောခဲ့သည်။လူများအတွက် အာဖရိကဝက်တုပ်ကွေးမှာ အန္တရာယ်မရှိသော်လည်း ဝက်တွေနဲ့ တောဝက်တွေကြားမှာ အလျင်အမြန်ပျံ့နှံ့ကာ ကမ္ဘာ့အကြီးဆုံး ဝက်သားတင်ပို့သောနိုင်ငံဖြစ်သည့် စပိန်အတွက် သိသာထင်ရှားသည့် စီးပွားရေးအန္တရာယ်ကို ဖြစ်စေနိုင်သည်။ရောဂါကူးစက်ခံရသောနေရာသည် စပိန်နှင့် ပြင်သစ်ကို ဆက်သွယ်ပေးသည့် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် AP-7 အဝေးပြေးလမ်းမကြီးနှင့် နီးကပ်သည်။ကာတာလိုနီးယားနဲ့ ပြင်သစ်မှာ ကူးစက်ခံရတဲ့တောဝက်တွေမရှိပေမယ့် လူတွေကသယ်ယူပို့ဆောင်တာကနေ ညစ်ညမ်းတဲ့အစား အစာတွေနဲ့ ဗိုင်းရပ်စ်ကို စတင်ဖြစ်ပေါ်စေနိုင်တယ်လို့ အိုဒစ်ချ်က ပြောသည်။
ဖြစ်ပွားမှုကို ထိန်းချုပ်ရန်ကြိုးပမ်းမှုများ တနင်္ဂနွေနေ့တွင် ပိုမိုလာပြီး ကတ်တလန်ရဲနှင့် ဒေသခံအေးဂျင် ၃၀၀ ကိုချထားခဲ့ပြီး ဒီဇင်ဘာ၁ရက်တနင်္လာနေ့တွင် စပိန်စစ်ဘက်ဆိုင်ရာအရေးပေါ်တပ်ဖွဲ့ UME ၏ အဖွဲ့ဝင် ၁၁၇ ဦးကို စေလွှတ်ခဲ့သည်။ စပိန်စိုက်ပျိုးရေးဝန်ကြီး လူးရစ်စ်ပလန်နက်စ်က ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ၏ဝက်သားတင်ပို့မှု အသိအမှတ်ပြုလက်မှတ်များ၏သုံးပုံတစ်ပုံခန့်ကို စနေနေ့ကပိတ်ထားသော်လည်း ယခုအချိန်အထိ မည်သည့်ဝက်ခြံကိုမျှ ထိခိုက်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ရောဂါပိုး စတင်တွေ့ရှိရာနေရာမှ ၂၀ ကီလိုမီတာအကွာအဝေးတွင်းရှိ ဝက်ခြံများမှာ လုပ်ငန်းလည်ပတ်မှုနှင့် ရောင်းချမှုကန့်သတ်ချက်များ ရင်ဆိုင်နေရသည်။



