မူဆယ်နဲ့ မန္တလေးကို ဆက်သွယ်မယ့် ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် ဦးဆောင်ကော်မတီ (Project Steering Committee) တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ဒီကော်မတီရဲ့ အဓိကလုပ်ငန်းတာဝန်တွေကတော့ တရုတ်နဲ့ မြန်မာ အစိုးရချင်း (G to G) ညှိနှိုင်းဆွေးနွေးတာတွေလုပ်ဖို့၊ မူဘောင်သဘောတူညီချက် (Framework Agreement) လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်ဖို့၊ စီမံကိန်းအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ဖိတ်ခေါ်တာနဲ့ အတိုးသက်သာတဲ့ ရန်ပုံငွေတွေရရှိဖို့ ညှိနှိုင်းတာတွေ ပါဝင်ပါတယ်။ ဒီရထားလမ်းစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း (BRI) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေအတွက် ပင်လယ်ထွက်ပေါက်ရမယ့် အရေးပါတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။ တရုတ်ဘက်က ဖောက်လုပ်နေတဲ့ ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနဲ့ ချိတ်ဆက်မယ့် လမ်းကြောင်းတစ်ခုပါ။



