ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး၊ ဘဏ်လုပ်ငန်းစနစ် ပိုမိုအားကောင်းခိုင်မာရေး၊ ဘဏ်များတွင် အရင်းနှင့်အတိုးပေးဆပ်ရန် ပျက်ကွက်သောချေးငွေများ (Non-Performing Loan-NPL) ဖြစ်ပေါ်ပါက လွယ်ကူမြန်ဆန်စွာ ငွေဖြစ်လွယ်မှုဆောင်ရွက်နိုင်ရေး၊ အခြားနိုင်ငံများ၏ဘဏ်လုပ်ငန်းစနစ်တွင် ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲမှုကုမ္ပဏီတည်ထောင်၍ NPL များ ဖြေရှင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အလားတူဆောင်ရွက်နိုင်ရေး၊ အိမ်ခြံမြေများကို အာမခံရယူ၍ ထုတ်ချေးသည့်ချေးငွေများကို ဈေးကွက်တွင် အများပြည်သူက ရင်းနှီးမြှုပ်နှံနိုင်သည့် စာချုပ်စာတမ်းများအဖြစ် အသွင်ပြောင်းလဲမှုလုပ်ငန်း (Asset-backed Securitization) အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီ တည်ထောင်ရေးဆိုင်ရာ ဦးစီးကော်မတီကို ဖွဲ့စည်းသည်ဟု မြန်မာနိုင်ငံပြန်တမ်းပါ အမိန့်ကြော်ငြာစာအရ သိရသည်။



