အာရှယူ-၁၇ အမျိုးသားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ် အုပ်စုနောက်ဆုံးပွဲအဖြစ် မြန်မာယူ-၁၇အသင်းနဲ့ ဆီးရီးယားယူ-၁၇အသင်းတို့ နိုဝင်ဘာ၃၀ရက် ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီသရေကျသွားတာကြောင့် မြန်မာယူ-၁၇အသင်းက ရှုံးပွဲမရှိဘဲ အုပ်စုပထမနဲ့ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ပါတယ်။အခုပွဲဟာ မြန်မာယူ-၁၇အသင်းအတွက် ခြေစစ်ပွဲအောင်ဖို့အရေးပါတဲ့ပွဲဖြစ်တာကြောင့် မြန်မာပရိတ်သတ်တွေကလည်း ကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြပြီး မြန်မာအသင်းအတွက် စိတ်အားတက်ကြွစရာဖြစ်ခဲ့ပါတယ်။မြန်မာယူ-၁၇အသင်းဟာ ခြေစစ်ပွဲအုပ်စု(G)မှာ အာဖဂန်နစ္စတန်၊ နီပေါ၊ အိုမန်၊ ဆီးရီးယားအသင်းတွေနဲ့အတူကျရောက်ခဲ့ပြီး သုံးပွဲနိုင် တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိဘဲ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်တာကြောင့် လာမဲ့၂၀၂၆ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမဲ့ အာရှယူ-၁၇ ဘောလုံးပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။



