နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများနှင့်ရင်ဆိုင်နေရသော ရုရှားရေနံတင်သင်္ဘောအုပ်စုမှ ရေနံတင်သင်္ဘောနှစ်စင်းပေါ်တွင် နိုဝင်ဘာ ၂၈ရက်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ရုရှားရေနံတင်သင်္ဘောနှစ်စင်းသည် အီဂျစ်မှ ရုရှားသို့ ဦးတည်မောင်းနှင်နေစဉ်တူရကီနိုင်ငံ ဘော့စဖောရပ်စ်ရေလက်ကြားအနီးပင်လယ်နက်ရေပြင်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ပေါက်ကွဲမှုများကြောင့် အဆိုပါ သင်္ဘောနှစ်စင်းပေါ်၌ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားလျက်ရှိရာ လိုက်ပါလာသူ ရေယာဉ်ဝန်ထမ်းများအားကယ်ထုတ်ရန် စတင်ကြိုးပမ်းနေပြီဖြစ်ကြောင်း တူရကီ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။အဆိုပါ ရုရှားရေနံတင်သင်္ဘောနှစ်စင်းအနက် ကိုင်းရော့စ်အမည်ရှိ ရေနံတင်သင်္ဘောမှာ တူရကီ ကမ်းရိုးတန်းနှင့် ရေမိုင် ၂၈ မိုင်အကွာတွင်ပေါက်ကွဲမီးလောင်ခဲ့ခြင်းဖြစ်ပြီး ဗီရက်အမည်ရှိရေနံတင်သင်္ဘောမှာမူ တူရကီကမ်းရိုးတန်းနှင့်ရေမိုင် ၃၅ မိုင်အကွာတွင် ပေါက်ကွဲမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း တူရကီတာဝန်ရှိသူများက ပြောကြားသည်။ ယူကရိန်းစစ်ပွဲ၏ အကျိုးဆက်အဖြစ် ပြီးခဲ့သည့်နှစ်များအတွင်း ပင်လယ်နက်ရေပြင်၌သင်္ဘောများ ရေမြုပ်မိုင်းထိခိုက်မှုဖြစ်စဉ်များမကြာခဏ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။



