ပြင်းထန်သောနေရောင်ခြည်များသည် လေယာဉ်ပေါ်မှ ပျံသန်းမှုထိန်းချုပ်ရေး ကွန်ပျူတာများကို အနှောက်အ ယှက် ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပြီးနောက် ထောင်ပေါင်များစွာသော အဲဘတ်စ်လေယာဉ်များကို ရပ်တန့်ထားရပြီး ကမ္ဘာ တစ်ဝန်းတွင် ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ယင်းကြောင့် A 320 အမျိုးအစားလေယာဉ် ၆,၀၀၀ ခန့်ကို ထိခိုက်မည်ဟု ယုံ ကြည်ရပြီး ယင်းမှာ အဲဘတ်စ်ကုမ္ပဏီက ထုတ်လုပ်ထားသမျှ အရေအ တွက်၏ ထက်ဝက်ခန့် ဖြစ်သည်။
သို့ရာတွင် ကွန်ပျူတာဆော့ဖ်ဝဲများကို မြန်မြန်ဆန်ဆန် ပြင်ဆင်အဆင့်မြှင့်တင်ပြီးနောက် လေယာဉ်အများစုကို ပြန်လည်ပြေးဆွဲနိုင်မည်ဟု နားလည်ထားကြသည်။လေယာဉ်ခရီးစဉ်တချို့ ဖျက်သိမ်းမှုများနှင့် ပြတ်တောက်မှုများ ရှိနိုင်ကြောင်း ဗြိတိန်လေကြောင်း ထိန်းသိမ်းရေးအဖွဲ့က ပြောကြားခဲ့သော်လည်း လေဆိပ်များအပေါ် ရိုက်ခတ်မှု သိသာလိမ့်မည်ဟု မမျှော်လင့်ကြပေ။အောက်တိုဘာတွင် အမေရိကန်မှ မက္ကဆီကိုသို့ ပျံသန်းခဲ့သော လေယာဉ်တစ်စင်း ရုတ်တရက် အမြင့်ပေဆုံးရှုံးသွားခဲ့ခြင်းကို စုံစမ်းစစ်ဆေးရာမှ အဆိုပါ ပြဿနာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဥရောပပိုင် အဲဘတ်စ်ကုမ္ပဏီက ပြောကြား သည်။ယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သော Jet Blue လေကြောင်းလိုင်း လေယာဉ်ပေါ်တွင် လူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖလော်ရီဒါပြည်နယ်၌ အရေးပေါ် ဆင်းသက်ခဲ့ကြောင်း သိရသည်။ကွန်ပျူတာများတွင် ဖြစ်ပေါ်သော အားနည်းချက်ကို အဲဘတ်စ်၏ ရောင်းအားအကောင်းဆုံး A320 လေ ယာဉ် များ အပြင် A318, A319 နှင့် A321 မော်ဒယ်များကိုလည်း တွေ့ရှိရကြောင်း သိရသည်။ယင်းအနက် လေယာဉ်ပေါင်း ၅,၁၀၀ စင်းခန့်အား သုံးနာရီခန့်သာ ကြာမြင့်မည့် ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှု လုပ် ဆောင်လိုက်ပါက ပြဿနာ ပြေလည်သွားနိုင်ကြောင်း သိရသည်။သို့ရာတွင် ပိုမို၍ သက်တမ်းကြာမြင့်နေပြီဖြစ်သော လေ ယာဉ်အစင်း ၉၀၀ ခန့်တွင်မူ ကွန်ပျူတာများ အလုံးလိုက်လဲရန် လိုအပ်မည်ဖြစ်ကာ အစားထိုးပေးမည့် ကွန်ပျူတာများ ရရှိနိုင်မှုပေါ် မူတည်၍ ပြင်ဆင်မှုကို အချိန်ယူရမည်ဖြစ် သည်။ယင်းကြောင့် လေကြောင်းလိုင်းများနှင့် ခရီးသည်များအတွက် အနှောက်အ ယှက် ဖြစ်နိုင်သည်ကို Airbus က အသိအမှတ်ပြုခဲ့ပြီး တောင်းပန်ထားသည်။အခြေအနေမှာ ထူးခြားနေကြောင်း နှင့် ခရီးသည်များအ ပေါ် သက်ရောက်မှုမှာ လေကြောင်းလိုင်းများ၏ ဆော့ဖ်ဝဲမြှင့်တင်ရေး ပြဿနာအပေါ် ချဉ်းကပ်ပုံပေါ် မူတည်သွားမည်ဖြစ်ကြောင်း လေကြောင်းလုပ်ငန်း လေ့လာဆန်းစစ်သူ ဆယ်လီဂီသင် က ဘီဘီစီသတင်းအား ပြောကြား သည်။ကမ္ဘာပေါ်တွင် အဲဘတ်စ် A320 လေယာဉ်များကို အများဆုံးအသုံးပြုနေသည့် American Airlines က ၎င်းတို့ အသုံး ပြုနေသော A320 လေယာဉ် ၄၈၀ အနက် ၃၄၀ ကို ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊သို့သော် ပြင်ဆင်မှုများကို ယနေ့တွင် အပြီးလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။ပြင်ဆင်မှုလုပ်ရန် လေယာဉ်များအား ရပ်နားထားမည်ဟု ဂျာမနီမှ Lufthansa၊ အိန္ဒိယမှ IndiGo နှင့် ဗြိတိန်အခြေ စိုက် easyJet တို့က ပြောကြားကြသည်။ဩစတြေးလျမှ Jetstar လေကြောင်းလိုင်းကမူ ၎င်းတို့တွင်ရှိသော လေယာဉ် သုံးပုံတစ်ပုံ ကို ထိခိုက်ကြောင်း ပြောကြားပြီး ခရီးစဉ် ၉၀ ကို ဖျက်သိမ်းခဲ့သည်။



