ပါကစ္စတန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အာဖဂန်နစ္စတန် အရှေ့ပိုင်းပြည်နယ်သုံးခုတွင် ပါကစ္စတန်တပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး အများစုမှာ ကလေးများဖြစ်ကြောင်း တာလီဘန်တာဝန်ရှိသူများက နိုဝင်ဘာ ၂၆ ရက်တွင် ပြောသည်။ပါကစ္စတန်တပ်ဖွဲ့များသည် ခို့စ်ပြည်နယ်ရှိ အိမ်တစ်လုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးကိုးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းတာလီဘန်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ပါကစ္စတန်စစ်ဘက်ကမူ ယင်းစွပ်စွဲချက်ကိုငြင်းဆိုထားသည်။လေကြောင်းတိုက်ခိုက်မှုများသည် ကူနာနှင့် ပက်တီကာပြည်နယ်များရှိပစ်မှတ်များကိုလည်း ထိမှန်ခဲ့ရာ လူလေးဦး ဒဏ်ရာရရှိခဲ့ကာ လိုအပ်သောတုံ့ပြန်မှုများကို သင့်လျော်သည့်အချိန်တွင် ပြုလုပ်သွားမည်ဟု တာလီဘန်တို့ကပြောသည်။ပါကစ္စတန်သည် ကနဦးတွင် ကြားဖြတ်တာလီဘန်အစိုးရကို ထောက်ခံခဲ့သည်။ သို့သော် ပါကစ္စတန်အစွန်းရောက်များသည် အာဖဂန်နစ္စတန်နယ်စပ်ဒေသများကို အသုံးပြု၍ ပါကစ္စတန်ပြည်တွင်း၌ တိုက်ခိုက်မှုများပြုလုပ်နေမှုနှင့်ပတ်သက်၍ ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။စစ်ရေးပဋိပက္ခများ အကြိမ်ကြိမ်ဖြစ်ပွားနေခြင်းကြောင့် နှစ်ဖက်ဆက်ဆံရေးသည် ယခုအခါ အဆိုးရွားဆုံးအခြေအနေတွင် ရှိနေသည်။ အောက်တိုဘာလတွင် အာဖဂန်နစ္စတန် ယာယီအစိုးရနှင့် ပါကစ္စတန်တို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သည်။သို့သော် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးအတွက် ဆွေးနွေးရာတွင် မအောင်မြင်ခဲ့ပေ။



