ဂီနီ-ဘစ်ဆော သမ္မတ အူမာရိုဆစ်ဆိုကို အမ်ဘာလိုအား ဖမ်းဆီးထားကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် စစ်ဘက်အရာရှိတစ်စုက၎င်းတို့သည် ဂီနီ-ဘစ်ဆောကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။မြို့တော်ဘစ်ဆောတွင်သေနတ်သံများ ကြားရပြီး မကြာမီတွင် သမ္မတဖမ်းဆီးခံထားရကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောသည်။ နိုဝင်ဘာ၂၃ ရက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားကြောင်းစစ်ခေါင်းဆောင်များက နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ကြေညာခဲ့သည်။ကနဦးတွင် ရွေးကောက်ပွဲရလဒ်များကို နိုဝင်ဘာ ၂၇ရက်တွင်ထုတ်ပြန်ကြေညာရန် စီစဉ်ထားခဲ့ပြီးသမ္မတ အမ်ဘာလိုနှင့် ၎င်း၏အနီးဆုံးပြိုင်ဘက် ဖာနန်ဒိုဒီရက်စ်တို့ နှစ်ဦးစလုံးက အနိုင်ရကြောင်း အခိုင်အမာပြောဆိုထားကြသည်။အာဏာသိမ်းသူ များသည်ဖာနန်ဒိုဒီရက်စ်၊ ပြည်ထဲရေးဝန်ကြီး၊စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်ကြီးနာအန်တန်နှင့် ၎င်း၏လက်ထောက်တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။နိုင်ငံကို မတည်မငြိမ်ဖြစ်စေရန်အတွက် လူသိများသော မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင် တစ်ဦး၏ထောက်ခံမှုရရှိထားသော နိုင်ငံရေးသမားများ၏ ကြံစည်မှုကို ဟန့်တားရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းအာဏာသိမ်းသူများက ပြောဆိုထားပြီး နယ်စပ်များကိုပိတ်၍ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန် ထားသည်။ဆီနီဂေါနှင့် ဂီနီတို့အကြား၌တည်ရှိပြီး ၁၉၇၄ ခုနှစ်တွင် ပေါ်တူဂီထံမှ လွတ်လပ်ရေးရပြီးကတည်းက
စစ်ဘက်ဩဇာလွှမ်းမိုးမှုနှင့် အာဏာသိမ်းမှုများဖြစ်ပွားလေ့ရှိသော ဂီနီ-ဘစ်ဆောနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်မှု ဗဟိုချက်အဖြစ် လူသိများသည်။ နှစ်ပေါင်း ၅၀ အတွင်းအာဏာသိမ်းမှု ကိုးကြိမ် သို့မဟုတ်အာဏာသိမ်းရန် ကြံစည်မှုများဖြစ်ပွားခဲ့သည်။


