လာရာက်၍ ကူညီထောက်ပံ့ပေးသလိုဟန်ဆောင်ကာ ရွှေထည်နှင့်ငွေများကို လိမ်လည်ယူဆောင်ထွက်ပြေးသွားသော ဖြစ်ရပ်တစ်ခု မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါဖြစ်ရပ်မှာ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက် နယ်မြေ(၄)မှ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာ ၂၆ ရက်က ဖြစ်ပွားခဲ့ပြီး ၃ မတ်သား ရွှေဆွဲကြိုးတစ်ကုံး၊ ၂ ပဲသား ဆွဲသီးတစ်ခု၊ ၅ မူးသား လက်ကောက်တစ်ကွင်း၊ ၁ မတ်သား လက်စွပ်တစ်ကွင်း၊ ၃ မူးသား လက်စွပ်တစ်ကွင်း၊ ၂ ပဲသား ကလေးဆွဲကြိုးတစ်ကုံး၊ စိန်လက်စွပ်တစ်ကွင်း၊ Redmi Note 10 အမျိုးအစား မိုဘိုင်းဖုန်းတစ်လုံးနှင့် ငွေကျပ်သုံးသိန်းခွဲတို့ကို လိမ်လည်ယူဆောင်သွားခြင်းလည်းဖြစ်သည်ဟု ဆိုထားကြသည်။ထိုရပ်ကွက်အတွင်းရှိ အသက် ၇၅ နှစ်အရွယ်ရှိသော အငြိမ်းစားဝန်ထမ်းတစ်ဦး၏နေအိမ်သို့ ယောကျ်ားလေးနှစ်ဦးနှင့် မိန်းကလေးနှစ်ဦးတို့ ပါဝင်သောအဖွဲ့ဖြင့် သက်ကြီးရွယ်အိုများအတွက် လှူဒါန်းရန်ရောက်ရှိလာသည်ဟုဆိုကြခြင်းလည်း ဖြစ်သည်။ ထိုအငြိမ်းစားဝန်ထမ်း၏နေအိမ်သို့ Water cooler ၊ Wifi စက် နှင့် ဆိုဖာခုံများလှူဒါန်းလိုသည်ဟုဆိုကာ ရောက်ရှိလာရာ နေအိမ်တွင် တစ်ဦးတည်းဖြစ်နေသည့်အတွက် မူလကဝင်ခွင့်မပြုခဲ့သော်လည်း ဖောင်ဖြည့်ခြင်းများအပါအဝင်လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းရမည်ဟုဆိုခြင်းကြောင့် တံခါးဖွင့်ပေး၍အတွင်းသို့ ဝင်ရောက်စေခဲ့ကြောင်း၊ ထို့နောက်တွင် လှူဒါန်းမည့်ပစ္စည်းများနှင့်အတူ တာဝန်ရှိသည့် အလှူရှင်လူကြီးများက ကန်တော့ရန်ရောက်လာကြမည်ဖြစ်၍ ကန်တော့ခံရန် နေရာကိုလည်း ပြင်ဆင်ထားခိုင်းခဲ့သည်။လတ်တလောတွင် မြောက်ဘက်အခြမ်းရှိ အခြားသောနေအိမ်၌ လှူဒါန်းမှုများပြုလုပ်နေခြင်းကြောင့် ၎င်းတို့မှာအရင်ဆုံးလာရောက်ခြင်းဖြစ်ပြီး တာဝန်ရှိသည့်လူကြီးများက နောက်မှလိုက်လာမည်ဟု ဆိုလာခဲ့သည်။ ဆက်လက်၍ နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း လုံခြုံမှုရှိစေရန်သော့အသစ်များကိုပါ လဲလှယ်တပ်ဆင်ပေးမည်ဟု ပြောဆိုပြီး သော့လဲလှယ်ရန် သေတ္တာများတွင်းထည့်ထားသော ပစ္စည်းများကို ခေတ္တထုတ်ထားခိုင်းခဲ့ကြောင်း၊ ထို့နောက် Wifi စက်အတွက် ကြိုးအရှည်ကိုလည်း တိုင်းတာရန် နေအိမ်အတွင်းပေကြိုးဆွဲခြင်းများ ပြုလုပ်ကြပြီးနောက် မည်သို့ဖြစ်သွားသည်ကို မသိဘဲ သတိပြန်လည်ဝင်ချိန်တွင် ၎င်းတို့လည်းမရှိတော့သလို ရွှေထည်လက်ဝတ်လက်စားများ၊ ငွေကြေးနှင့် ဖုန်းတို့ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဆိုကြသည်။အဆိုပါဖြစ်ရပ်အတွက် သက်ဆိုင်ရာသို့တိုင်ကြားထားပြီး လိမ်လည်ယူဆောင်သွားသူများကို အမှုဖွင့်ထားသော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။



