ဟောင်ကောင်၊ တိုင်ပိုမြို့ရှိ အထပ်မြင့်အိမ်ရာ၌ ယမန်နေ့ နေ့လယ်ပိုင်းကတည်းက စတင်ခဲ့သောမီးလောင်ကျွမ်းမှုတွင် သေဆုံးသူ ၃၆ ဦးအထိမြင့်တက်လာခဲ့ပြီး အနည်းဆုံး ၂၇၉ ဦးပျောက်ဆုံးနေကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် ဂျွန်လီ က သန်းခေါင်ယံအလွန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။မီးလောင်မှုကို ထိန်းချုပ်နိုင်စပြုပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး "အဲဒီလို ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်" ဟုလည်း ထပ်လောင်း ပြောဆိုသည်။မီးငြှိမ်းသတ်ရန် လုံလောက်သော အရင်းအမြစ်များနှင့် ဝန်ထမ်းအင်အားရှိကြောင်း ၎င်းအား မီးသတ်ဌာနညွှန်ကြားရေးမှူးက အာမခံထားသည်ဟု လီ က ပြောကြားသည်။မီးလောင်မှုကို ကိုင်တွယ်ဖြေရှင်းရန် မီးသတ်သမားနှင့် အရေးပေါ်ကယ်ဆယ်ရေးသမား ၈၀၀ ကျော်အပြင် မီးသတ်ကား ၁၄၀ စီး ကို စေလွှတ်ထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။အစောပိုင်းက မီးလောင်ကျွမ်းခဲ့သော အဆောက်အအုံ ခုနစ်လုံးအနက် သုံးလုံးမှာ မီးတောက်မီးလျှံ ထွက်ပေါ်သည့် လက္ခဏာ တစ်စုံတစ်ရာမှ မပြသတော့ကြောင်း၊ ကျန်လေးလုံးတွင်မူလောင်ကျွမ်းမှု လက္ခဏာများ အနည်းအကျဉ်းစီ ပြသနေကြောင်းလည်း လီ က ဆိုသည်။မှတ်တမ်းများအရ မီးလောင်ကျွမ်းနေသည့် Wang Fuk Court အိမ်ရာဝင်းသည် တိုက်ခန်းပေါင်း ၂၀၀၀ နီးပါး ပါဝင်သော အဆောက်အအုံရှစ်လုံးဖြင့် ဖွဲ့စည်းထားပြီး လူပေါင်း ၄,၈၀၀ ခန့် နေထိုင်ကြကြောင်း သိရသည်။ဒေသအာဏာပိုင်များက ယင်းမီးလောင်မှုကို ဒေသစံတော်ချိန် ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်) ညနေ ၆ နာရီ ၂၂ မိနစ်တွင် Level 4 မှ Level 5 သို့တိုးမြှင့် သတ်မှတ်ခဲ့သည်။ဟောင်ကောင်၌ အမြင့်ဆုံး Level 5 အဆင့်မီးလောင်မှုမှာ ၁၇ နှစ်အတွင်း ပထမဆုံးလည်း ဖြစ်လာခဲ့သည်။လက်ရှိတွင် လောင်ကျွမ်းချိန် ၁၀ နာရီနီးပါး ရှိလာပြီဖြစ်သော မီးလောင်မှုကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်သည်။



