ထိုင်းနိုင်ငံက စိုက်ပျိုးရေး လုပ်ငန်းတွေမှာ မြန်မာ ဒုက္ခသည်တွေ စတင်ဝင်ရောက် လုပ်ကိုင်ခွင့် ရနေပြီဖြစ်ပြီး အဲဒီအတွက်လည်း စိတ်အား တက်ကြွ ပျော်ရွှင်နေကြပါတယ်။နိုဝင်ဘာလကို ဆောင်းရာသီအဖြစ် သတ်မှတ်ထားပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ရာသီဥတု ပူပြင်းမှုကတော့ သိသိသာသာ လျော့ပါးမသွားပါဘူး။တစ်ချိန်က ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတစ်ခုမှာ ပိတ်မိနေခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် ကိုထွန်းမင်းလတ်ဟာ အခုအခါ ထိုင်းနိုင်ငံ အရှေ့ပိုင်းက ကြက်မောက်သီး စိုက်ခင်း တစ်ခုမှာ ပါဝင် အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ သူဟာ ဝါးလှေကား တစ်ခုကို သုံးပြီး ချိုမြတဲ့ သစ်သီးတွေကို လိုက်လံ ခူးဆွတ်နေပါတယ်။ဒုက္ခသည် တစ်ဦးအဖြစ် ထိုင်းမှာ နှစ်ပေါင်း ၂၀ လောက် ဖြတ်သန်း နေထိုင်ခဲ့တဲ့ ကာလတလျှောက် ပထမဆုံး အကြိမ်အဖြစ် သူ့မှာ အနာဂတ် ရှိလာပြီလို့ ခံစားရကြောင်း ကိုထွန်းမင်းလတ်က ဆိုပါတယ်။ ကိုထွန်းမင်းလတ်က သစ်သီးတွေ ခူးဆွတ်နေတဲ့အချိန် သူ့ဇနီး မလဲ့လဲ့နဲ့ တခြားအမျိုးသမီး တစ်စုကတော့ မနီးမဝေးမှာ ထုပ်ပိုးဖို့အတွက် ပြင်ဆင်နေပါတယ်။ ပထမဆုံးနေ့မှာ သူတို့ ၅ ဦးအတွက် စုစုပေါင်း လုပ်ခက ဘတ် ၁,၀၀၀ လောက် ရခဲ့တယ်လို့လည်း ကိုထွန်းမင်းလတ်က ပြောပါသည်။



