ကရင်ပြည်နယ်၊မြ၀တီမြို့နယ်ရှိ KK Park အွန်လိုင်းလိမ်လည်မှုစခန်းမှ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ထွက်ပြေးလာသည့်နိုင်ငံခြားသား ၃၉ ဦးကို ရာ့ချ်မာနူ အထူးအဖွဲ့က ယမန်နေ့တွင်ဖမ်းဆီးခဲ့ကြောင်း ထိုင်းရီပိုတာသတင်းကဖော်ပြသည်။ နိုဝင်ဘာလ ၁၉ ရက်)တွင် ရာ့ချ်မာနူ အထူးအဖွဲ့သည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ သာဆိုင်းလွက်ရပ်ကွက်၊ ဘန်မဲတောင်းရှိ ရိုင် ၇၀ နေရာတွင် လှည့်ကင်းဆောင်ရွက်နေစဉ် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးရမိသူ စုစုပေါင်း ၃၉ ဦးတွင် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၅ ဦး ပါဝင်ပြီး ၎င်းတို့သည်
ပါကစ္စတန်၊ အိန္ဒိယ ၊ နီပေါ ၊ ယူဂန်ဒါး ၊ တောင်ဆူဒန်၊ ကင်ညာ၊ အီဂျစ် ၊ ဗီယက်နမ် ၊ကာဇက်စတန် ၊ဘူရွန်ဒီနှင့် ရဝမ်ဒါနိုင်ငံတို့မှ ဖြစ်သည်။နိုင်ငံခြားသား ၃၉ ဦးအား ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် စွဲချက်တင်ခဲ့ပြီး အချို့ကို ဗီဇာသက်တမ်း ကျော်လွန်နေခြင်း ဖြင့်လည်း စွဲချက်တင်ခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့အား စုံစမ်းစစ်ဆေးမှုနှင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



