ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်ပြည်သူတွေမှာ စားဝတ်နေရေး ခက်ခဲကျပ်တည်းပြီး အငတ်ဘေးကြုံလာနေတာကြောင့် နီးစပ်ရာ ကျေးရွာတွေဆီ လှည့်လည်ပြီး တောင်းရမ်းစားသောက်ရတဲ့ အထိ ဖြစ်နေတယ်လို့ ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ နေရပ်စွန့်ခွာ ပြည်သူတွေမှာ ဝင်ငွေရတဲ့ အလုပ်အကိုင် အတည်တကျမရှိတာ ၊ လုပ်ကိုင်နိုင်တဲ့ လူငယ်လူရွယ် မရှိသလောက်နည်းတာ ၊ အလုပ်အကိုင်ရှားလာတာတွေကြောင့် စားဝတ်နေရေး အဆင်မပြေတဲ့အတွက် တောင်းရမ်းစားသောက်ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါ့အပြင် နေရပ်စွန့်ခွာပြီး အချိန်ကြာမြင့်လာမှုနဲ့အတူ စဒုက္ခစခန်းတွေအနေနဲ့ အကူအညီ အထောက်အပံ့ ရရှိမှုတွေလည်း မရှိသလောက် လျော့နည်းလာတာကြောင့် ပြည်သူတွေမှာ စားဝတ်နေရေး အငတ်ဘေးကြုံတဲ့အထိ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။



