back

ဘက်ထရီလျှပ်စစ်စက်ခေါင်းများ အသုံးပြု၍ မန္တလေး - နေပြည်တော် ရထားခရီးစဉ်ကို နိုဝင်ဘာ ၂၂ ရက်မှစတင် ပြေးဆွဲမည်

Nov 19 • 6:02 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဘက်ထရီလျှပ်စစ်စက်ခေါင်းများ အသုံးပြု၍ မန္တလေး - နေပြည်တော် ရထားခရီးစဉ်ကို နိုဝင်ဘာ ၂၂ ရက်မှစတင် ပြေးဆွဲမည်

ဘက်ထရီလျှပ်စစ်စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် လာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှ စတင်ကာ မန္တလေး - နေပြည်တော် ရထား ခရီးစဉ်များကို...


ဘက်ထရီလျှပ်စစ်စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် လာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှ စတင်ကာ မန္တလေး - နေပြည်တော် ရထား ခရီးစဉ်များကို စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရပါတယ်။ လက်ရှိမှာ အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေးနှင့် အမှတ်(၂၈) အစုန် မန္တလေး-နေပြည်တော် ခရီးစဉ်၌ RBE ရထားများဖြင့် ပြေးဆွဲလျက်ရှိရာမှာ ဘက်ထရီလျှပ်စစ်စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် ပြောင်းလဲပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် အမှတ်(၂၇)အဆန် ခေတ်မီလေအေးပေးစက်ပါ လေအိတ် ရထားသည် နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင်စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မှာဖြစ်သလို အမှတ်(၂၈)အစုန် ခေတ်မီလေအေးပေးစက်ပါလေအိတ်ရထားသည် မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နံနက် ၁၁ နာရီတွင် ဆိုက်ရောက်မှာ ဖြစ်ကာထပ်မံ၍ မန္တလေးမှ ရန်ကုန်သို့ ဆက်လက်လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာမည့် အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားဖြင့် ဆက်လက်လိုက်ပါနိုင်ပြီး ရန်ကုန်သို့ ညနေ ၅ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းနှင့် ထို့အတူ ရန်ကုန်မှ နံနက် ၆ နာရီတွင် ထွက်ခွာမည့် အမှတ်(၃၁)အဆန် ခေတ်မီ DEMU ရထားဖြင့် လိုက်ပါလာသည့် ခရီးသည်များအနေဖြင့် မန္တလေးသို့ ဆက်လက် လိုက်ပါလိုပါက အထက်ပါ ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် ရထားတွင် ချိတ်ဆက် စီးနင်းနိုင်ကြောင်း သိရပါတယ်။၎င်း ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ရထားများဖြင့် နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ်ပြေးဆွဲမည့် လေအိတ်ရထားတွဲဆိုင်းမှာ ရိုးရိုးတန်း လေအိတ် လူစီးတွဲ နှစ်တွဲ၊ လေအေးပေးစက်ပါ အထက်တန်း လေအိတ်လူစီးတွဲ နှစ်တွဲနှင့် လေအိတ် ဘရိတ်တွဲတစ်တွဲ စုစုပေါင်းတွဲ ငါးတွဲဖြင့် ခရီးသည် ၂၃၈ ဦး လိုက်ပါစီးနင်းနိုင်တယ်လို့သိရပါတယ်။

နေပြည်တော်-မန္တလေးခရီးစဉ် တစ်လျှောက်တွင် ရပ်တန့်မည့် ဘူတာများအနေဖြင့် တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်နှင့် ကျောက်ဆည်စသည့် ဘူတာ လေးခု၌သာ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ခရီးစဉ်အစအဆုံးပြေးဆွဲချိန် ၅ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။လက်မှတ်ခနှုန်းထားအနေဖြင့် မန္တလေး-နေပြည်တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးတန်း ငွေကျပ် ၁၅,၀၀၀ ၊ အထက်တန်းငွေကျပ် ၂၀,၀၀၀ ဖြစ်ပြီး လက်မှတ်များကို မိမိတို့သွားရောက်လိုသည့် ခရီးစဉ်များအတိုင်း ၅ ရက်ကြိုတင်၍ တယ်လီဖုန်းဖြင့် ကြိုတင်မှာယူနိုင်ပြီး၊ MMQR စနစ် ဖြင့် အွန်လိုင်းမှ ငွေပေးချေ၍ လည်းကောင်း၊ သက်ဆိုင်ရာဘူတာများတွင် အထက်တန်းလက်မှတ်ကို ၃ ရက်နှင့် ရိုးရိုးတန်း လက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူရရှိနိုင်တယ်လို့လည်း မြန်မာ့မီးရထားမှ သိရပါတယ်။

news-view-count-icon

51