ရုရှားရဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ယူကရိန်းရဲ့ စွမ်းရည်ကို အားဖြည့်ပေးမယ့် အဓိက သဘောတူညီချက်အနေနဲ့ ကိဗ်အစိုးရဟာ ပြင်သစ်ထုတ် Rafale တိုက်လေယာဉ် အစီး ၁၀၀ အပြင် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လက်ခံရရှိမှာ ဖြစ်ပါတယ်။ပါရီမြို့အနီး လေတပ် အခြေစိုက်စခန်း တစ်ခုမှာ ပြင်သစ်သမ္မတ မက်ကရွမ်နဲ့ သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အခုလိုသမိုင်းဝင် လုပ်ရပ်ကို ကြိုဆိုခဲ့ပါတယ်။Rafale F4 အမျိုးအစား တိုက်လေယာဉ်တွေကို ၂၀၃၅ ခုနှစ်မှာ အပြီးပေးပို့သွားမှာ ဖြစ်ပြီး ကြားဖြတ် တားဆီးရေး ဒရုန်းတွေကို အခုနှစ်က စတင်ပြီးတော့ ပူးပေါင်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ် သတ်မှတ်ချက်တွေကို မစီစဉ်ရသေးပေမယ့် ပြင်သစ်က ရန်ပုံငွေ ထောက်ပံ့ရေး အီးယူကို ဆွဲဆောင်ဖို့နဲ့ သိမ်းဆည်းထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေကိုလည်း ထုတ်သုံးဖို့ စီစဉ်ထားပါတယ်။ရုရှားပိုင်ဆိုင်မှုတွေကို ထုတ်သုံးမယ့် အငြင်းပွားဖွယ် ကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ အီးယူအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ဒါက လာမယ့်နှစ်က စတင်ပြီး ၁၀ နှစ်ကြာမြင့်မယ့် မဟာဗျူဟာမြောက် သဘောတူညီမှု ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက နိုဝင်ဘာ ၁၇ ရက် ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ယူကရိန်းအနေနဲ့ အရမ်း အားကောင်းတဲ့ ပြင်သစ် ရေဒါတွေနဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ် ၈ ခု အပြင် တခြား အဆင့်မြင့် လက်နက်တွေလည်း ရရှိဦးမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။အဲဒီလို လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ အသုံးပြုရင် လူတွေရဲ့ အသက်တွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပြီး အရမ်း အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက ဆိုတာပါ။ယူကရိန်းရဲ့ စွမ်းအင်နဲ့ ရထားလမ်း အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ရုရှားက မကြာသေးခင် လတွေအတွင်း ဒရုန်းတွေ ဒုံးကျည်တွေနဲ့ အရှိန်မြှင့် တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်း နိုင်ငံတဝှမ်း ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။အဲဒီ တိုက်ခိုက်မှုတွေအတွင်း အရပ်သား အများအပြား သေဆုံးခဲ့ပြီး အနောက်တိုင်းက ရုရှားဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဖြစ်တယ်လို့ ပြောထားပါတယ်ယူကရိန်း အရှေ့မြောက်ပိုင်းရှိ ဘာလက်လီယာမြို့ကို ရုရှားရဲ့ နောက်ဆုံး တိုက်ခိုက်မှု အတွင်း လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အရာရှိတွေက ပြောပါတယ်ဇီလန်စကီးနဲ့ အတူပြောကြားရာမှာ သမ္မတ မက်ကရွမ်က ယူကရိန်း စစ်တပ် ပြန်လည် အားဖြည့်ဖို့ လိုအပ်တဲ့ Rafale တိုက်လေယာဉ်တွေ ပေးပို့နိုင်ဖို့ မိမိတို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ယူကရိန်းအတွက် နောက်ထပ် ဘယ်လို အန္တရာယ်တွေပဲ လာလာ ကြိုတင်ပြင်ဆင်ထားဖို့ ကူညီပေးချင်တယ်လို့ သမ္မတ မက်ခရွမ်က ဆိုတာလည်းဖြစ်ပါတယ်။
Nov 18 • 8:45 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


