ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် စာရေးဆရာအသင်းက ကြီးမှူးကျင်းပလျက်ရှ်သော လှိုင်စာပေဆုပေးပွဲနှင့် စပ်လျဥ်း၍ နိုဝင်ဘာ ၁၅ ရက်၊ မွန်းလွဲ ၁ နာရီက ပုညသီရိ အောင်ချမ်းသာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ လှိုင်မြို့နယ်စာရေးဆရာအသင်း၏ အဌမအကြိမ်မြောက် လှိုင်စာပေဆုရှိသူများက "တကယ်ဆရာမဖြစ်သည့်နေ့" ဝတ္ထုဖြင့် သူရိန်မင်းလွင်က ပထမဆုရပြီး "တင်ကျီးတစ်ဝမ်း" ဝတ္ထုဖြင့် ကိုကြီးစိန်(ရထား/စက်မှု) ဗျိုင်းတစ်ဝမ်းက ဒုတိယဆုကိုလည်းကောင်း၊ "မနွမ်းပါစေနဲ့ပန်းဝါ" ဆေးတန်သား(မန္တလေး)က တတိယဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အထူးဆုရှင်များဖြစ်သည့် အထူးဆု(၁) "ရသမတူသည့်အပြန်လမ်း" ခန့်မှူးပိုင်(ဓါတု)ကလည်းကောင်း၊ အထူးဆု(၂) "မြို့ကြီးသူနှင့် ကျေးတောရွာ" ကျော်ဌေးအောင်(သက္ကလ)ကလည်းကောင်း၊ အထူးဆု(၃) "ရောင်နီကိုကြိုလင့်သည့် ပန်းကလေး" လူဆောင်ငယ်ကလည်းကောင်း၊ အထူးဆု(၄) "အရုပ်ထဲကနှလုံးသားဒဏ်ရာ" ကိုမိုး(ရွှေပြည်သာ)ကလည်းကောင်း၊ အထူးဆု(၅) "အချစ်ဦးအချစ်ဆုံး" ညောင်ဦးသန်းဌေးတို့က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ လှိုင်မြို့နယ်စာရေးဆရာအသင်း၏ အဌမအကြိမ်မြောက် လှိုင်စာပေဆုပွဲကို နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပထမဆုကို ငွေကျပ်နှစ်သိန်း၊ ဒုတိယဆုကို ငွေကျပ်တစ်သိန်းခွဲ၊ တတိယဆုကို ငွေကျပ်တစ်သိန်း၊ အထူးဆု ငါးဆုကို တစ်ဆုလျှင် ငွေကျပ်ခုနစ်သောင်းတို့ဖြစ်ပြီး ဆုရရှိသူ ရှစ်ဦးအား လှိုင်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဆရာကြယ်နီလေး(ဥပဒေ)က တစ်ဆုလျှင် ငွေကျပ်တစ်သောင်းနှုန်းဆီ ဆုငွေထပ်မံ တိုးမြှင့်ကာ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း လှိုင်မြို့နယ်စာရေးဆရာအသင်း အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။




