မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြေဧရိယာ ၂၀ ဧကခန့် ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ အိမ်ရာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ပါဝင်စားမှု အဆိုပြုလွှာ (Expression of Interest – EoI) ခေါ်ယူထားကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေ သိရပါတယ်။အဆိုပါ အိမ်ရာစီမံကိန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး မြေနေရာဟာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲခွင့်ရှိတဲ့ မြေနေရာဖြစ်တာကြောင့် လက်ရှိမှာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတွေကို ဌာနအလိုက် ဟင်းသီးဟင်းရွက်နှင့် မွေးမြူရေးဇုန်အဖြစ် အသုံးပြုခွင့်ပေးထားတယ်လို့ သိရပါတယ်။ထို့ကြောင့် ရင်းနှီးတည်ဆောက်လိုတဲ့ ပြည်တွင်း/ပြည်ပကုမ္ပဏီတွေအနေနဲ့ မကွေးမြို့၊ မင်းလှတောင်ကျေးရွာ အိမ်ရာစီမံကိန်းကို Developer အနေနဲ့ အကောင်အထည်ဖော်ဖို့ စိတ်ဝင်စားပါက စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလျှောက်လွှာ (EoI)များကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လိပ်မူ၍ လာမယ့် ဒီဇင်ဘာ ၁၃ ရက် ညနေ ၃ နာရီအရောက် ပေးပို့တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ရင်းနှီးတည်ဆောက်လိုတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းနှင့် EoI လျှောက်လွှာထုတ်ယူလိုကြောင်း တင်ပြစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ရင်းနှီးတည်ဆောက်လိုသူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ၊ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မယ့် အချက်အလက်တွေကို တစ်ပါတည်း တင်ပြရမှာဖြစ်ပြီး EoI အဆိုပြုလွှာပုံစံများကိုလည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။



