တုပ်ကွေးရောဂါဟာ ဗြိတိန်နိုင်ငံမှာ ဆောင်းရာသီတိုင်းလိုလို ဖြစ်ပွားလေ့ရှိပေမယ့် အခုနှစ်မှာတော့ တစ်ခုခု ကွဲပြားနေသလို ခံစားနေကြရပြီး ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး တုပ်ကွေးရာသီဖြစ်နိုင်တယ်လို့ CNN သတင်း မှာ ဖော်ပြထားပါတယ်။
ရာသီတုပ်ကွေးဟာ နွေရာသီမှာ ရုတ်တရက် သန္ဓေပြောင်းသွားတတ်ပါတယ်။ လူ့ခန္ဓာ ကိုယ်ခံအားစနစ်ရဲ့ ထိုး ဖောက်မှုကနေ ရှောင်တိမ်းနိုင်ပုံရတဲ့ ဒီပိုးဟာ သာမန် တုပ်ကွေးဖြစ်တတ်တဲ့အချိန်ထက် တစ်လလောက် စောပြီး ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် သမိုင်းကြောင်းအရ ပိုမို ပြင်းထန်နိုင်တယ်လို့ ယူဆရတဲ့ တုပ်ကွေးအမျိုးအစား တစ်ခုလည်း ဖြစ်နေပါတယ်။ချမ်းခိုက်တုန်အောင်အေးတဲ့ ဆောင်းတွင်းကာလမျိုးမှာ ဒီတုပ်ကွေးက ပိုဆိုးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် အခုဆိုရင် ဗြိတိသျှအမျိုးသားကျန်းမာရေးစနစ် (NHS) က "တုပ်ကွေးကာကွယ်ဆေး ထိုးကြဖို့ကို အရေးပေါ် ပန်ကြားချက်" ထုတ်ပြန်ထားပါတယ်။
တိတိကျကျ ဟောကိန်းမထုတ်နိုင်သေးပေမဲ့ တုပ်ကွေးဆိုင်ရာထိပ်တန်းပညာရှင်တွေကတော့ အခုနှစ် ရာသီ တုပ်ကွေးဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အဆိုးဆုံးဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။
လန်ဒန်မြို့ Francis Crick Institute က ကမ္ဘာ့တုပ်ကွေးဗဟိုဌာနရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခ Nicola Lewis (နစ်ကိုလာ လီဝစ်စ်)ကတော့ "ဒီလို ဗိုင်းရပ်စ်မျိုးကို အရင်က မမြင်ခဲ့ဖူးပါဘူး၊ ဒီ ဗိုင်းရပ်စ်ရဲ့ အခြေအနေတွေက ထူးခြားနေတယ်" လို့ ပြောပါတယ်။



