ထိုင်းရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်လိုက်တဲ့ အရက် ယမကာဆိုင်ရာ ဥပဒေအသစ်ကြောင့် လတ်တလော ထိုင်းနိုင်ငံရဲ့ လုပ်ငန်းရှင်တွေကြား ပွက်လောရိုက်နေပါတယ်။ အခုလိုဖြစ်တာက ထိုင်းရဲ့ Nightlife နဲ့ ခရီးသွားလာရေးပိုင်းကို ထိခိုက်စေတယ်ဆိုပြီး ပြောနေကြတာပါ။ Alchohol Act No.2 BE 2568 (2025) က နိုဝင်ဘာ ၈ ရက်နေ့က စတင် အသက်ဝင်ခဲ့တာဖြစ်ပြီး ဒီ ဥပဒေမှာ အရက်ရောင်းသူအပြင် အရက်သမားတွေကိုပါ ဒဏ်ခတ်နိုင်တဲ့ အချက်တွေပါနေတာပါ။ လိုင်စင်မှတ်ပုံတင်ထားတဲ့နေရာ၊ အဆောက်အဦတွေမှာ ကန့်သတ်ချိန်အတွင်း အရက်သောက်မယ်ဆိုရင် ဘတ် ၁၀,၀၀၀ ထိ ဒဏ်ခတ်နိုင်တာပါ။ ကန့်သတ်ထားတဲ့အချိန်တွေက ညသန်းခေါင် ၁၂ နာရီကနေ နောက်နေ့ မနက် ၁၁ နာရီ၊ နေ့လယ် ၂ နာရီကနေ ၅ နာရီအထိဖြစ်ပါတယ်။



