အမေရိကန်နိုင်ငံ အခြေစိုက် ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီ MoneyGram နှင့် မြန်မာနိုင်ငံ အခြေစိုက် ဧရာဝတီဘဏ်တို့ ပူးပေါင်းပြီး နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်သွားမည်ဟု မြန်မာ့ရုပ်မြင်သံကြား (MRTV) သတင်းဌာနက နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်က ထုတ်ပြန်သည်။ ကမ္ဘာတစ်ဝန်းမှ မြန်မာနိုင်ငံသို့ ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်နိုင်ရန်အတွက် MoneyGram နှင့် ဧရာဝတီ ဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းသွားမည် ဟု ဖော်ပြထားသည်။ ထိုငွေလွှဲလုပ်ငန်း စတင်နိုင်ပါက နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အနေ ဖြင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ မိသားစု ဝင်များထံသို MoneyGram ၏ ကမ္ဘာလုံးဆိုင်ရာ ငွေလွှဲကွန်ယက်မှ တဆင့် လွယ်ကူစွာ ပေးပို့နိုင်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ ဧရာဝတီဘဏ် ရုံးခွဲပေါင်း ၂၆၅ ခုမှတဆင့် ထုတ်ယူနိုင်ပြီး ၊ Aya Mobile Banking App ၊ Aya Pay Mobile App တို့အပြင် နိုင်ငံအနှံ့ရှိ ဧရာဝတီ၏ ကိုယ်စားလှယ်များထံကပါ ထုတ်ယူနိုင်မည် ဖြစ်သည်ဟု သိရသည်။ အမေရိကန် အခြေစိုက် ဘဏ္ဍာရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် MoneyGram မှာ ကမ္ဘာတစ်ဝန်းကို နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကမ္ဘာနိုင်ငံအသီးသီးမှ ငွေလွှဲသူများနှင့် ငွေလွှဲလက်ခံသူများ ပိုမိုအဆင်ပြေစေရန် ဧရာဝတီဘဏ်နှင့် MoneyGram တို့ ပူးပေါင်းလိုက်ပြီဖြစ်ပြီး MoneyGram ငွေလွှဲများကို ဧရာဝတီဘဏ် ငွေစုစာရင်း နှင့် AYA Pay အကောင့်များသို့ တိုက်ရိုက် ငွေလွှဲနိုင်မည်ဖြစ်သည်ဟု ဧရာဝတီဘဏ်ကလည်း ထုတ်ပြန်ထား သည်။



