ထိုင်းနိုင်ငံတွင်းရှိ မြန်မာ၊ လာအို ၊ ဗီယက်နမ်နိုင်ငံသား အလုပ်သမားများအား သက်တမ်းတိုးပေးရန် အရှိန်မြှင့်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဝန်ကြီး မစ္စထရီနွတ်ချ် ထီယန်ထောင်း ကပြောကြားသည်။ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)အစိုးရအိမ်တော်၌ မစ္စထရီနွတ်ချ်က သတင်းထောက်များ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ အစားထိုးလုပ်သားရှာဖွေရေးကို အစိုးရအဖွဲ့ထံ တင်ပြရန် စီစဉ်နေပြီး သက်တမ်းလွန် ကမ္ဘောဒီးယားလုပ်သားများကို နိုင်ငံမှ မနှင်ထုတ်မီ လုံခြုံရေးအေဂျင်စီများနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း သူမကဆက်လက်ပြောကြားသည်။ အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိရန် အမြန်ဆုံး တင်ပြသွားမည်ဖြစ်ကြောင်း၊အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ တရားဝင် အမိန့်ကြေညာချက်များ ထုတ်ပြန်ပြီးမှသာ သက်တမ်းတိုးခွင့် ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



