ဂရန်းအီဂျစ်ပြတိုက် (Grand Egypt Museum - GEM) ကို နိုဝင်ဘာလ ၁ ရက်နေ့က ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ကာ ခမ်းနားကြီးကျယ်စွာ တရားဝင် ဖွင့်လှစ်ခဲ့ပြီးနောက် အီဂျစ်၏ ခေတ်မီဆန်းသစ်သော လမ်းညွှန်မှတ်တိုင်အဖြစ် ရပ်တည်လာခဲ့သည်။ ပြတိုက်အတွင်း၌ လာရောက်လည်ပတ်သူများသည် အဝင်ဝတွင် အမြင့် ၁၁ မီတာရှိသော နှစ်ပေါင်း ၃,၂၀၀ သက်တမ်းရှိ ဖာရိုဘုရင် ရမ်ဆီ ၂ ၏ ရုပ်တုကြီးကို ရှေးဦးစွာ တွေ့မြင်ရမည်ဖြစ်သည်။ ထို့အပြင် ဘုရင် တူတန်ခါမွန်၏ သင်္ချိုင်းဂူမှ ရရှိသည့် ပစ္စည်းပေါင်း ၅,၀၀၀ ကျော် အပါအဝင် ယခင်က လူအများရှေ့မှောက်သို့ မထုတ်ဖော်ဖူးသေးသည့် ရှေးဟောင်းပစ္စည်းများစွာကို ပြသထားသည်။ ဤပြတိုက်သည် စုစုပေါင်း ရှေးဟောင်းပစ္စည်း ၁၀၀,၀၀၀ ခန့်ကို ပြသထားပြီး ပြင်သစ်ရှိ လူးဗရ်ပြတိုက် (Louvre) ထက် နှစ်ဆပိုမိုကြီးမားသည့် ဧရိယာတွင် တည်ရှိသည်။ အီဂျစ်အစိုးရက GEM သည် တစ်နှစ်လျှင် ခရီးသွား ၇ သန်းအထိ ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံသို့ လာရောက်မည့် ခရီးသွားအရေအတွက်ကို တစ်နှစ်လျှင် ၃၀ သန်းအထိ ရောက်ရှိရန် ရည်မှန်းထားသည်။

Nov 09 • 8:13 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


