တရုတ်နိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဘီယာကုမ္ပဏီကြီးဖြစ်သော Tsingtao Brewery သည် ၎င်းတို့၏ အရောင်းကျဆင်းနေသော ဘီယာလုပ်ငန်းကို ထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် တရုတ်ရိုးရာဝိုင် (ဝါးကော်ရည်) လုပ်ငန်းသို့ ဝင်ရောက်လာခဲ့သည်။ Tsingtao Brewery က ထုတ်ပြန်သော ကြေညာချက်အရ Hiking Group ထံမှ Shandong Jimo Yellow Wine Factory ကို ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဝိုင်ချက်စက်ရုံကို Hiking Group က ၄၅.၄၅% တိုက်ရိုက်ပိုင်ဆိုင်ပြီး ကျန်ရှယ်ယာများကို ၎င်းတို့၏ လက်အောက်ခံ Shandong Lujin Import and Export Group က ပိုင်ဆိုင်သည်။ သဘောတူညီထားသော ဝယ်ယူမှု တန်ဖိုးမှာ ယွမ် ၆၆၅ သန်း (အမေရိကန်ဒေါ်လာ ၉၂ သန်း) ဖြစ်ပြီး ညှိနှိုင်းနိုင်သော ဈေးနှုန်းဖြစ်သည်။ အရောင်းအဝယ် ကိစ္စရပ်အားလုံးကို ရက်ပေါင်း ၁၂၀ အတွင်း အပြီးသတ်ရန် ရည်မှန်းထားကြောင်း သိရသည်။



