Samsung ကုမ္ပဏီသည် ၎င်းတို့၏ နောက်ဆုံးထွက် Galaxy S25 စီးရီးတွင် ပါဝင်သော အပါးလွှာဆုံး မော်ဒယ်ဖြစ်သည့် Galaxy S25 Edge ကို လာမည့်အပတ်အတွင်း မိတ်ဆက်သွားမည်ဟု တရားဝင် ကြေညာလိုက်သည်။ ဤဖုန်းသစ်သည် ယခုနှစ်အတွင်း ဈေးကွက်သို့ ဝင်ရောက်လာမည့် Apple ၏ iPhone 17 Air နှင့် တိုက်ရိုက် ယှဉ်ပြိုင်မည့် တန်းမြင့်စမတ်ဖုန်း ဖြစ်လာဖွယ်ရှိသည်။ iPhone 17 Air နှင့် ပတ်သက်သော သတင်းများအရ ယင်းဖုန်းတွင် iPhone 16e ကဲ့သို့ နောက်ကင်မရာ တစ်လုံးတည်း ပါဝင်နိုင်ပြီး ဈေးနှုန်းမှာ ဒေါ်လာ ၉၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ သို့သော် Galaxy S25 Edge သည် iPhone 17 Air ကဲ့သို့ အဆင့်မြင့် (high-end) နှင့် အခြေခံ (low-end) လုပ်ဆောင်ချက်များကို ရောနှောထားသည့် ဖုန်းမျိုးမဟုတ်ဘဲ အဆင့်မြင့် (flagship level) စွမ်းဆောင်ရည်နှင့် သယ်ဆောင်ရ လွယ်ကူမှုတို့ကို ပေါင်းစပ်ထားသည့် ထုတ်ကုန်တစ်ခုအဖြစ် ဈေးကွက်သို့ ဝင်ရောက်လာနိုင်သည်ဟု ခန့်မှန်းရသည်။



