ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက် လာတဲ့ မြန်မာနိုင်ငံသား ၃၀ ဦးနဲ့ သူတို့ကို ကားနဲ့ခေါ်ဆောင်လာသူ ပွဲစားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းက နခွန်စဝမ်မြို့၊ နောင်ကလစ်ရပ်ကွက်ရှိ အမြန်လမ်းမပေါ်မှာ အရှိန်မြှင့်ပြီးမောင်းနှင်သွားတဲ့ မသင်္ကာဖွယ်ရာ ပစ်ကပ်ကားနှစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့ဝင်များက နောက်ကလိုက်ပြီး စစ်ဆေးရာကနေဖမ်းမိခဲ့တာပါ။အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာမှာ သူတို့ကို မြန်မာပွဲစားနှစ်ဦးက ထိုင်း-မြန်မာ နယ်စပ်၊ တာ့က်ခရိုင်၊ မဲဆောက်ဒေသကနေ ခေါ်ဆောင်လာတာဖြစ်ပြီး၊ စမွတ်ဆာခွန်ခရိုင်မှာ အလုပ်လုပ်ကိုင်ဖို့ လာခဲ့ကြတာဖြစ်တယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရပါတယ်။



