မန္တလေးမြို့မှာ ညီအစ်ကိုချင်းငွေပေးပြီး လူသတ်ဖို့စေခိုင်းသူတွေနဲ့ လူသတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိထားတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သတင်းရရှိပြီးမန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် ၊ ဂွေ့ကြီးကုန်းကျေးရွာ ၊ သိပ္ပံလမ်းသစ်ဘေးရှိ လယ်ကွက်ကြားမြောင်းရိုးထဲမှာ အမျိုးသားတစ်ဦးကို ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာ တွေနဲ့ သေဆုံးနေတာကို ဧပြီ ၄ ရက်မှာ တွေ့ရှိခဲ့ရတာကြောင့် တာဝန်ရှိသူတွေက သေဆုံးသူကို သိရှိနိုင်ဖို့ စုံစမ်းတာနဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကာတာဝန်ရှိသူတွေရဲ့ စုံစမ်းချက်တွေအရ သေဆုံးသူမှာ ချမ်းမြသာစည်မြို့နယ် ၊အောင်သာယာ ရပ်ကွက်မှာ နေထိုင်တဲ့ စန်းမင်းသိန်းဆိုသူဖြစ်ပြီး မွေးချင်းညီအစ်ကိုနှစ်ဦးအနက် အငယ်ဖြစ်ကာ အဖွားဖြစ်သူနဲ့နေထိုင်ပြီး လွန်ခဲ့သောသုံးလခန့်က စကားများပြီး အစ်ကိုဖြစ်သူကို နေအိမ်က နှင်ချခဲ့တာကို စုံစမ်းသိရတာကြောင့် အစ်ကိုဖြစ်သူ လှိုင်မင်းဟန်ကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးခဲ့ရာမှာ အစ်ကိုဖြစ်သူ လှိုင်မင်းဟန်က ညီဖြစ်သူက အိမ်ကနှင်ချခဲ့တာကို မကျေနပ်ဘဲ မိဘနှစ်ပါးစလုံးမှာလည်း ကွယ်လွန်သွားပြီဖြစ်တာကြောင့် အမွေမရမှာ ကိုစိုးရိမ်ပြီး ညီဖြစ်သူကို ငွေကျပ်သိန်းတစ်ရာနဲ့ သတ်ပေးဖို့ လူသုံးဦးကို စေခိုင်းခဲ့တယ်ဆိုတာကို စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။လှိုင်မင်းဟန်က ညီဖြစ်သူကို သရက်သီးခူးသွားမယ်လို့ပြောပြီး ဂွေ့ကြီးကုန်းကျေးရွာရှိ သရက်ခြံကိုဆိုင်ကယ်နဲ့ခေါ်လာကာ စေခိုင်းထားတဲ့ လူသုံးဦးနဲ့အတူထားခဲ့ပြီး ပြန်လည်ထွက်သွားခဲ့ချိန်မှာ စေခိုင်းထားသူတွေက လူသတ်မှု ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ပေါ်ပေါက်ခဲ့တာကြောင့် ကျူးလွန်သူတွေကို အမှုဖွင့်အရေးယူ တရားစွဲဆိုနိုင်ဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်လျက်ရှိပါတယ်။


