ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများမှ လူဦးရေ (၄.၃) သန်းကျော်အတွက် သန့်ရှင်းသည့် ရေနှင့် သန့်ရှင်းရေးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း United Nation OCHA Myanmar က ထုတ်ပြန်ထားသည်။ မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီး မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ရေပေးရေးစနစ်များ ပျက်စီးကုန်ပြီး ငလျင်ကြောင့် အိမ်သာအလုံးရေ (၄၂,၀၀၀) ကျော် ပြိုကျခဲ့သည့်အပြင် လျှပ်စစ်မီး မမှန်ခြင်းကြောင့် ရေတင်ရာတွင်လည်း အခက်အခဲရှိနေကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ငလျင်ဘေးဒဏ်ခံရသည့် ထိခိုက်လွယ်သူ (၁) သန်းကို အခြေအနေများ ပိုဆိုးမလာခင် ဘေးကင်းသည့်ရေ၊ အရေးပေါ်အိမ်သာနှင့် တကိုယ်ရေသန့်ရှင်းရေးအကူအညီများပေးသွားရန် လူသားချင်းစာနာသည့်မိတ်ဖက်အဖွဲ့အစည်းများက ရည်မှန်းထားကြကြောင်း United Nation OCHA Myanmar က ဆိုသည်။



