မန္တလေးမြို့အနီး ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလက ထုတ်ပြန်သည်။ နှစ်ဆန်းနှစ်ရက် ည ၈ နာရီခန့်တွင် ၃ ဒသမ ၁ ရစ်(ခ်)တာစကေးရှိ ငလျင်မှာ အနက် ၁၀ ကီလိုမီတာတွင် မန္တလေးမြို့၏ အရှေ့၊ အရှေ့မြောက်ဘက်(၃) မိုင်ခန့်အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့သည်။ " ဒီနေ့ငလျင်က မန္တလေးမြို့ထဲဆိုတော့ ကြမ်းတဲ့သဘောရှိတယ်။ ဒုန်းဒုန်းဆိုပြီး လှုပ်သွားတာ။ တော်တော်လေးလည်း လန့်နေပြီ" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။ နှစ်ဆန်းနှစ်ရက် နံနက်အစောပိုင်း နံနက် ၃နာရီ ၅၇ မိနစ် ၄၉ စက္ကန့် နာရီခန့်တွင် မန္တလးမြို့၏ အနောက် - အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာကို ဗဟိုပြုကာ အနက် ၁၁ ကီလိုမီတာတွင် ၃ ဒသမ ၉ ရစ်(ခ်)တာစကေးရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ အလားတူ နံနက် ၉ နာရီ ၀၀ မိနစ် ၃၉ စက္ကန့်တွင် ပျဉ်းမနားမြို့၏ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာကို ဗဟိုပြုလျက် အနက် ၁၁ ကီလိုမီတာတွင် ရစ်ချ်တာစကေး ၃ ဒသမ ၅ ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။



