ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ နွေရာသီကာလအတွင်း ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေဟာ သစ်ခွပန်းပင်ကို ရှာဖွေကြပြီး ပြန်လည်ရောင်းချတာတွေ များလာတယ်လို့ ကုန်ရောင်းကုန်ဝယ်လုပ်သူတစ်ဦးက ပြောပါတယ်။သစ်ခွပန်းပင်ရဲ့ အမျိုးအစားဟာ အမျိုးမျိုးရှိတာကြောင့် အဆိုပါအမျိုးအစား အပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုတွေလည်း ရှိနေပါတယ်။ ဖရူဆိုအနောက်ဖက်ခြမ်းက တောတောင်တွေမှာ ပေါက်လေ့ရှိကြတဲ့ ( ဒေသအခေါ် ) သစ်ခွပန်းခရမ်း တစ်ပိဿာ ၃,၀၀၀ ကျပ်၊ ရှစ်မြောင်းပန်း ၂,၅၀၀ ကျပ်၊ ဖြူဆူးပန်း ၂,၀၀၀ ကျပ်၊ သစ်ကြားလုံးပန်း ၁,၀၀၀ ကျပ်၊ ကျောက်ပန်း ၁၀,၀၀၀ ကျပ်၊ သက်ကယ်ပန်း ၁၀,၀၀၀ကျပ် စသဖြင့် ဈေးနှုန်းအသီးသီး ရှိကြပါတယ်။သဇင်ပန်းအမျိုးအစားမှာတော့ ဈေးအများဆုံးဖြစ်ကာ တစ်ပိဿာကို ၂၀,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ် အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။



