သင်္ကြန်ကာလအတွင်း သောက်ရေသန့်ပို့သူများနားခြင်းနှင့် စက်ရုံတချို့ ပိတ်ခြင်းကြောင့် ရေသန့်ရရှိရေးအခက်အခဲကြုံစရာ မဖြစ်စေလိုသဖြင့် မြို့နယ်အလိုက်ပြည်သူများက ကြိုတင်မှာယူမှုများပြားလာသည်။ အထူးသဖြင့် အထပ်မြင့်တိုက်များနှင့် ဓာတ်လှေခါးမရှိသောနေရာများတွင် သောက်ရေသန့်အလိုအပ်ဆုံးဖြစ်နေပြီး ဆယ်ဗူး၊ ဆယ့်နှစ်ဗူးစသည့်အမျိုးမျိုးဖြင့် မှာယူမှုများ ကြေညာထားသည်။ မရန်းကုန်းမှ ရေသန့်ပို့သူတစ်ဦးက “ဒီနှစ်မှာ တကယ်ပဲ မှာတဲ့သူများလာတယ်” ဟု ပြောသည်။ ပိတ်ရက်အတွင်း သောက်ရေရနိုင်ဖို့ ကြိုတင်အစီအစဉ်ချရခြင်း၊ မီးမလာလျှင် သုံးရေပြတ်တောက်မှုအတွက် အစားထိုးအသုံးပြုရန် ရေသန့်ဗူးများ ကြိုတင်မှာထားမှုများရှိလာသည်။ သုံးစွဲသူအနေဖြင့် လွန်ခဲ့သည့်နှစ်များက ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ မဖြစ်ကြရအောင် ကြိုတင်ပြင်ဆင်မှုတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရသည်။



