2025 World Expo ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၂ ရက် စနေနေ့က ဂျပန်နိုင်ငံအနောက်ပိုင်း အိုစာကာမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီကုန်စည်ပြပွဲဟာ ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့မှာ အများပြည်သူအတွက် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဂျပန် ဧကရာဇ်ဘုရင် Naruhito နဲ့ မိဖုရား Masako ၊ အိမ်ရှေ့မင်းသား Akishino နဲ့ ကြင်ယာတော် မင်းသမီး Kiko ၊ ဝန်ကြီးချုပ် Ishiba Shigeru တို့ ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ အဲဒီကုန်စည်ပြပွဲကို အိုစာကာမြို့မှာရှိတဲ့ လူလုပ်ကျွန်းတစ်ခုဖြစ်တဲ့ Yumeshima မှာ ၆ လကြာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြပွဲရဲ့ဆောင်ပုဒ်ကတော့ "ကျွန်ုပ်တို့၏ ရှင်သန်မှုဘဝများအတွက် အနာဂတ်လူ့အဖွဲအစည်းကို ပုံဖော်ခြင်း" ဖြစ်ပါတယ်။ နိုင်ငံနဲ့ ဒေသပေါင်း ၁၅၈ ခုနဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၇ ခုတိုက ဒီပြပွဲမှာ ပါဝင်ပြသနေပါသည်။



