သင်္ကြန်ပိတ်ရက်မှာ ရန်ကုန်မြို့ကနေ နေရပ်အသီးသီးကို အိမ်ပြန်သူများပြားပြီး ရထားနဲ့ ခရီးသွားကြမဲ့သူတွေ များပြားလွန်းတာကြောင့် ရထားလက်မှတ်ကို ညအိပ်စောင့်ဆိုင်း ဝယ်နေရတယ်လို့ ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်ဘူတာကြီး လက်မှတ်အရောင်းဌာနမှာ လက်မှတ်ဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေသူတွေက ပြောပါတယ်။ရိုးရိုးတန်း ရထားလက်မှတ်ရဖို့ ညပိုင်းကတည်းက လာရောက် ညအိပ်စောင့်ဝယ်နေရပြီး ၄ ရက်လောက် တန်းစီပြီး ရထားလက်မှတ်ဝယ်တာတောင် လက်မှတ်မရတဲ့သူတွေ ရှိတယ်လို့ လက်မှတ်ဝယ်သူတစ်ယောက်က ပြောပြပါတယ်။မြန်မာ့မီးရထားက ရန်ကုန်- မော်လမြိုင်နဲ့ ရန်ကုန်-ပြည် ခရီးစဉ်ကို ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ ၉ နာရီခွဲ နဲ့ နေ့လည် ၁ နာရီမှာ တိုးချဲ့ပြေးဆွဲမယ်လို့ ရန်ကုန်ဘူတာကြီးမှာ ကြေငြာထားပါတယ်။



