ငလျင်ဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရတဲ့ မန္တလေး ၊စစ်ကိုင်း ဒေသတွေက ငလျင်ဒဏ်သင့်ပြည်သူအချို့မှာ ဝမ်းရောဂါ ၊ အရေပြားရောဂါ နဲ့ အပူရှိန်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုရှိလာနေတယ်လို့ ဒေသခံတွေနဲ့ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီကသိရပါတယ်။စစ်ကိုင်းမြို့မှာဆိုရင် ဝမ်းရောဂါ တွေစတင်ဖြစ်ပွားနေသလို အရေပြားရောဂါတွေလည်းကူးစက်ဖြစ်ပွားနေပြီး ကျန်းမာရေးကုသမှုအပိုင်းမှာလိုအပ်မှုတွေရှိသလို ဆေးဝါးတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။ကျန်းမာရေးကဏ္ဍအတွက်ဆိုရင် ထိုးဆေး၊သောက်ဆေးတွေနဲ့ အရေးပြားလိမ်းဆေးတွေလိုအပ်သလို လူနာတွေကို ကုသဖို့အတွက် ဘော်လန်တီယာအဖြစ်ကုသပေးနိုင်မယ့် ဆရာဝန်အင်အား ၊ သူနာပြုတွေလိုအပ်နေကြောင်း ၊ လက်ရှိမှာတော့ လူနာတွေကို ဘုန်းကြီးကျောင်းတွေမှာ ဆေးဝါးကုသမှုတွေပေးနေတယ်လို့ဆိုပါတယ်။မန္တလေး မှာဆိုရင် အပူရှိန်ကြောင့် ပါးစောင်များ ရောင်ရမ်းခြင်း၊မျက်ဝတ်များ ထွက်ခြင်း၊မျက်စိဝါးခြင်း၊ဆီးပူ၊ဆီးအောင့်ခြင်း၊ဂုတ်ကြောများတောင့်တင်းခြင်း၊ခါးနာခြင်း၊ အရေပြား ယားယံပြီး အနီစက်ထွက်ခြင်း၊ခြေဆစ်၊လက်ဆစ်များ ကိုက်ခဲခြင်း၊ ချောင်းဆိုး ရင်ကြပ်ခြင်း၊ ခေါင်းကိုက်၍ စိတ်မကြည်လင်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ့ ဖြစ်ပွားမှုရှိလာတယ်လို့သိရပါတယ်။



