မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ပြီး ၁၀ ရက်ကျော်ကြာအထိ စည်ပင်သာယာက ဖြန့်ဝေပေးတဲ့ သောက်သုံးရေ ပြန်မရသေးလို့ မြို့လုံးကျွတ် ရေပြတ်လပ်ကာ အခက်အခဲ ဖြစ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။လက်ရှိ မန္တလေးမြို့မှာ ရပ်ကွက်အလိုက် နီးစပ်ရာ ရေတွင်းရှိတဲ့ အိမ်တွေကို အကူအညီတောင်းကာ သုံးရေ၊ ချိုးရေအတွက် ဖြေရှင်းနေကြရပြီး ဧရာဝတီမြစ်နဲ့ နီးတဲ့ ရပ်ကွက်တွေကတော့ မြစ်ထဲ ရေဆင်းချိုး နေကြရတယ်လို့ ဆိုပါတယ်။မန္တလေးမြို့ပေါ် ရပ်ကွက်တွေသာမက အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်မှာလည်း ရေပြတ်လပ်နေပြီး မီးစက်ဝယ်၊ ရေစုပ်စက်ဝယ်ကာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ရေရအောင် ကြိုးစားနေရကာ ပုသိမ်ကြီးမြို့နယ်မှာတော့ ဆည်တော်ကြီးကလာတဲ့ ရေရှိပေမယ့် မသန့်ရှင်း၊ အနံအသက် မကောင်းလို့ သုံးမရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။



