အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုတို့ အိမ်ဖြူတော်တွင် ဧပြီ ၇ ရက်၌ တွေ့ဆုံခဲ့ပြီး ဂါဇာဓားစာခံ အကျပ်အတည်း၊ အစ္စရေးသွင်းကုန်များအပေါ် အမေရိကန်က စည်းကြပ်ခွန်သတ်မှတ်မှု စသော ကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။သတင်းထောက်များကို အိမ်ဖြူတော် ဘဲဥပုံရုံးခန်းသို့ ခေတ္တ ဝင်ရောက်မေးမြန်းခွင့်ပြုစဉ်အတွင်း ထရမ့်က ဂါဇာဒေသ၌ ဖမ်းဆီးခံထားရသော ဓားစာခံများ ပြန်လွတ်မြောက်ရေးမှာ အဓိကဦးစားပေးဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိပြုလုပ်နေသော ဆွေးနွေးညှိနှိုင်းမှုများနှင့် ပတ်သက်၍ အကောင်းမြင်မှုရှိကြောင်း ထရမ့်က ပြောဆိုခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။



