မြန်မာ့ငလျင်ဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည့် Singapore Lion Heart Team၏ အပြန်ခရီးကို စင်္ကာပူနိုင်ငံရောက် မြန်မာများက ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၈)ရက်နေ့တွင် သွားရောက်ကြိုဆိုကြသည်ဟု သိရသည်။ယမန်နေ့ကလည်း မြန်မာ့ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ပြီးပြန်လာသည့် မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ကို မလေးရှားနိုင်ငံရောက် မြန်မာများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့အပြင် ယနေ့တွင် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းကို ရပ်နားကာ ပြန်တော့မည့် တရုတ်နိုင်ငံမှ Blue Sky Rescue Team နှင့် ဘီလာရုဇ် ကယ်ဆယ်ရေးသမားများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဂုဏ်ပြုပေးခဲ့သည်။ယမန်နေ့က ထုတ်ပြန်ထားချက်အရ ငလျင်ကြောင့် သေဆုံးသူ (၃၆၀၀)ဦး၊ ဒဏ်ရာရှိသူ(၅၀၁၇)ဦးနှင့် ပျောက်ဆုံးသူ(၁၆၀)ဦးရှိသည်ဟု သိရသည်။



