အင်တာမီလန်အသင်း၏နည်းပြ ဆီမြွန်နီအင်ဇာဂီက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အပြိုင် ရေပန်းစားသည့်အသင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆုံတွေ့နေပြီး အင်္ဂါနေ့(ယနေ့)တွင် ပထမအကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်၍ အင်ဇာဂီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ''ခမ်းနားထည်ဝါတဲ့ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့်အခြေအနေက ထူးခြားမှာ သေချာပါတယ်။ လှပတဲ့ကွင်းထဲမှာ အလွန်တောင့်တင်းတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ ဒီနေရာကို ရောက်လာဖို့ ကျွန်တော်တို့ ဘယ်လောက်အထိ အားထုတ်ခဲ့ရသလဲဆိုတာ သိထားပါတယ်။ ကျွန်တော်တို့ ဒီအခွင့်အရေးကို ရယူသွားမှာပါ။ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်မှာ အတွေ့အကြုံကြွယ်ဝတဲ့ အသင်းတစ်သင်းပါ။ သူတို့ အမြဲတမ်း နောက်အဆင့်တွေကို တက်ရောက်နေကျပါ။ သူတို့က ချန်ပီယံဆုအတွက် ရီးယဲလ်နဲ့အပြိုင် ရေပန်းစားတဲ့အသင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မနက်ဖြန်မှာ ပွဲကောင်းတစ်ပွဲဖြစ်အောင် ယှဉ်ပြိုင်ကစားသွားချင်ပါတယ်''ဟု အင်ဇာဂီက ပြောကြားခဲ့သည်။



