ထောက်လှမ်းရေးအေဂျင်စီများ အထူးသဖြင့် အမေရိကန်နှင့် ဗြိတိန်တို့က သံတမန်ဝန်ထမ်း များနှင့် အရပ်သားများအား တရုတ်နိုင်ငံသားများနှင့် ဆက်ဆံရေးမထူထောင်ရန် ကာလရှည်ကြာကတည်းက သတိပေးထားသည်။လုံခြုံရေးအကြောင်းပြချက်ဖြင့် တရုတ်ရှိ အမေရိကန်သံတမန်ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ကန်ထရိုက်တာများအား တရုတ်နိုင်ငံသားများနှင့် ချစ်ကြိုက်ခြင်းနှင့် လိင်ဆက်ဆံခြင်းမပြုရန် တားမြစ်ထားသည်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ် သမ္မတမဖြစ်လာမီ ရက်ပိုင်းအလိုတွင် အမေရိကန် သံအမတ်ကြီးဟောင်း နီကိုလတ် ဘန်းစ်က ယင်းမူဝါဒကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ယင်းသည် အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးငါးခုမှ ဝန်ထမ်းများအား တရုတ်အစောင့်များ၊ အခြားသူများနှင့် ရင်းနှီးစွာ ဆက်ဆံခြင်းမပြုရန် ပြီးခဲ့သည့်နွေရာသီတွင် ချမှတ်ခဲ့သည့် မူဝါဒကို ချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။



