မြန်မာငလျင်ဘေးသင့်ပြည်သူတွေကို ကူညီပေးဖို့ ကနေဒါနိုင်ငံက ကူညီကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သဘာဝဘေးတုံပြန်ရေး ကျွမ်းကျင်သူ ၂၆ ယောက်ပါတဲ့ DC-8 cargo လေယာဉ် တစီးကို အယ်လ်ဘာတာပြည်နယ် ကယ်ဂါရီလေဆိပ်ကနေ ပထမဆုံး စေလွှတ်ဖို့ရှိနေပါတယ်။ Samaritan’s Purse Canada အဖွဲ့ရဲ့အစီအစဉ်နဲ့ စေလွှတ်တဲ့ လေယာဉ်ပေါ်မှာတော့ မြန်မာငလျင်ဘေးသင့် ပြည်သူတွေအတွက် အသက်ကယ်ဆေးကုသပေးနိုင်မယ့် အရေးပေါ် ကွင်းဆင်းဆေးရုံတရုံ ပါဝင်မှာဖြစ်ပြီး ဒီဆေးရုံမှာ ခွဲစိတ်ခန်း ၂ ခု၊ အရေးပေါ်ကုသခန်း၊ လူနာဆောင်၊ ဆေးပေးခန်းနဲ့ ဓာတ်ခွဲခန်းတွေပါဝင်တယ်လို့ သိရပါတယ်။ လာမယ့်ရက်တွေမှာ လေယာဉ်နဲ့ပေးပို့မယ့် အကူအညီပေးရေးပစ္စည်းတွေထဲမှာ ရေသန့်စနစ်၊ အရေးပေါ် အမိုးအကာ၊ ဓာတ်မီးတွေနဲ့ တကိုယ်ရေသန့်ရှင်းရေး ပစ္စည်းတွေလည်းပါဝင်မယ်လို့ ထုတ်ပြန်ထားပါတယ်။



