ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ပဆေးလာကျေးရွာအနီးမှာ ပေ ၁၀၀ ကျော်နက်တဲ့ တွင်းတစ်ခု ပေါ်ပေါက်လာတာကြောင့် နေ့စဉ်နဲ့အမျှ စိုးရိမ်နေရတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။စစ်ကိုင်းနဲ့ မန္တလေးတိုင်းကို ဗဟိုပြုပြီး ၇.၇ မီတာစကေးပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် မတ်လ ၂၉ ရက်နေ့မှာ ပေါ်ပေါက်လာတာဖြစ်ပြီး နေ့စဉ်ဖြည်းဖြည်းချင်း တအိအိနဲ့ ပြိုကျနေတယ်လို့ ဆိုပါတယ်။အဲဒီတွင်းသည် အကျယ်ပေ ၁၀၀ ကျော်ရှိနိုင်ပြီး နေ့တိုင်းဆက် ပြိုကျနေမယ်ဆိုရင် ဒီထက်မက တွင်းပိုကျယ်လာနိုင်တဲ့အပြင် ပတ်ပတ်လည်က စစ်ဘေးရှောင်စခန်းတွေအပေါ်လည်း အန္တရာယ်ကျရောက်လာနိုင်တယ်လို့ သိရပါတယ်။အလားတူ ကရင်ပြည်၊ ကော့ဂရိတ်မြို့နယ်တောင်ပိုင်း၊ လန်းဖားရွာအနီးမှာလည်း မြေငလျင်ဒဏ်ကြောင့် ပေ ၃၀ ခန့်နက်တဲ့ တွင်းတွေအများအပြား ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။



